News @ M-Media

မိမိတို့မှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲနေခြင်းမဟုတ်ဟု အိုဘားမားဆို

အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒအတွက် ဘယ်ဘာသာတရားမှာမှ တာဝန်မရှိပါဘူး။ လူတွေမှာသာ တာဝန်ရှိတာပါ။ (အမေရိကန်သမ္မတ ဘာရက် အိုဘာမား)
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
M-Media

obama 2

– မိမိတို့နိုင်ငံမှာ အစ္စလာမ်သာသနာအပေါ် စစ်ဆင်နွှဲနေခြင်းမဟုတ်ဘဲ သာသနာမှ လမ်းလွဲနေသောသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပြီး အကြမ်းဖက်သမားများ လူသစ်စုဆောင်းနေခြင်း၊ အခြားသူများအား သိမ်းသွင်းနေခြင်းနှင့် ပတ်သက်၍ တားဆီးရေးတွင် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။

ယမန်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အစည်းအဝေးတွင် အိုဘားမားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး (IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့များ) ဆောင်ရွက်နေသည့် ပုံစံမျိုးကို မိမိတို့က ခွင့်ပြုသွားမည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ယေဘုယျအားဖြင့် အမေရိကနဲ့ အနောက်နိုင်ငံတွေက အစ္စလာမ်အပေါ် စစ်ဆင်နွှဲနေတယ်ဆိုတဲ့ အယူအဆကို သူတို့က ၀ါဒဖြန့်နေပါတယ်။ ဒီလိုပုံစံနဲ့ သူတို့က လူသစ်စုဆောင်းကြတာပါ။ ဒီလိုပုံစံမျိုးနဲ့ပဲ လူငယ်တွေကို သူတို့က အစွန်းရောက်စေတာပါ။ ဒါဟာ လိမ်ညာခြင်းပါ။ ကျွန်တော်တို့ဟာ အစ္စလာမ်အပေါ် စစ်ဆင်နွှဲခြင်းမရှိပါဘူး။ အစ္စလာမ် သာသနာက သွေဖည်နေတဲ့သူတွေနဲ့ စစ်ဖြစ်နေတာပါ” ဟု အိုဘားမားက ဆိုသည်။

ထို့ပြင် အစွန်းရောက်များက အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားပြု၍ ကျူးလွန်ကြသော ရာဇ၀တ်မှုများအတွက် မွတ်စလင်လူ့အဖွဲ့အစည်းမှာ အပြစ်ပေးခံရခြင်း၊ ခွဲခြားခံရခြင်းတို့ မရှိစေရဟု မိမိအနေဖြင့် အသေအချာ ပြောကြားချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒအတွက် ဘယ်ဘာသာတရားမှာမှ တာဝန်မရှိပါဘူး။ လူတွေမှာသာ တာဝန်ရှိတာပါ။ ဒါတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပုတ်ခတ်ပြောဆိုတာမျိုး မရှိစေဖို့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်ရပါမယ်”

၃ ရက်တာကြာမြင့်မည့် အဆိုပါအစည်းအဝေးတွင် ဥပဒေစိုးမိုးရေးအရာရှိများ၊ မွတ်စလင်ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များ တက်ရောက်ကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

အိုဘားမားက မိမိမှာ အသက် ၁၁ နှစ်အရွယ် အမေရိကန်မွတ်စလင် မိန်းကလေးတစ်ဦး၏ ပေးစာကို ရရှိပြီး ထိုစာတွင် လူများမှာ မွတ်စလင်များကို မုန်းလာကြောင်း၊ ထို့ကြောင့် သမ္မတကြီးအနေဖြင့် မွတ်စလင်များမှာ အခြားသူများနှင့် အတူတူပင်သည်ကို ပြောကြားပေးပါရန် တောင်းဆိုကြောင်း ရေးသားထားသည်ဟု ဆိုသည်။

ထို့ပြင် အကြမ်းဖက်သမားများက ၀ါဒဖြန့်နေသော အစ္စလာမ်နှင့် ခေတ်သစ်ယဉ်ကျေးမှုမှာ ထိပ်တိုက်တွေ့ဆုံကာ ပြဿနာများဖြစ်နေသည်ဆိုသည့် အယူအဆကို ပယ်ချရန် မွတ်စလင်များတွင် တာဝန်ရှိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ဒီ အကြမ်းဖက်သမားတွေက ဘီလီယံနဲ့ချီတဲ့ မွတ်စလင်တွေကို ကိုယ်စားမပြုပါဘူး”

အဆိုပါအစည်းအဝေး၏ နောက်ဆုံးနေ့တွင် ၀န်ကြီးများအဆင့် ဆွေးနွေးမှုကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်မည်ဖြစ်သည်။

Ref: aljazeera

Comments

Leave a Reply