ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
M-Media
– အမေရိကန်စနိုက်ပါသမိုင်းတွင်း ရန်သူအများဆုံး သတ်ဖြတ်နိုင်ခဲ့သော စနိုက်ပါသမား ခရစ်ကီလီကို သတ်ဖြတ်ခဲ့သည့် မရိန်းစစ်သားဟောင်း အက်ဒီ ရေး ရောက်သ်အား တက္ကဆက်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။
အသက် ၂၇ နှစ် မရိန်းစစ်သားဟောင်း ရောက်သ်မှာ ကီလီနှင့် ၎င်း၏ သူငယ်ချင်း ချက်ဒ် လစ်တဲလ်ဖီးလ်ဒ်တို့အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက သေနတ်ဖြင့်ပတ်သတ်ခဲ့မှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
တရားသူကြီးများကမူ ရောက်သ်မှာ ကီလီတို့အနောက်မှ ပုန်းကွယ်စောင့်နေပြီး ကီလီက ၎င်း၏လက်နက် ချပြီးသည်ကို စောင့်ပြီးမှ စနစ်တကျ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရောက်သ်၏ ရှေ့နေကမူ ၎င်း၏အမှုသည်မှာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေရပြီး ရူးသွပ်မှုကြောင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လွှတ်ပေးရန် လျှောက်ထားခဲ့သော်လည်း တရားသူကြီးများက ပယ်ချခဲ့ကာ ရောက်သ်မှာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုပြစ်မှုအတွက် သေဒဏ်အထိချမှတ်နိုင်သော်လည်း တရားသူကြီးများက ခံဝန်ချက်ဖြင့် လွှတ်ပေးနိုင်သည့် အခွင့်အရေးကို ပိတ်ပင်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဆီးလ်တပ်ဖွဲ့ဝင်ကီလီမှာ သမိုင်းတစ်လျှောက် ရန်သူအများဆုံး သတ်ဖြတ်နိုင်သော စနိုက်ပါသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို ဒါရိုက်တာ ကလင့် အီစ်ဝုဒ်က American Sniper အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။
သို့သော်လည်း အဆိုပါဇာတ်ကားမှာ ကလေးများနှင့် အမျိုးသမီးများပါမကျန် ပစ်သတ်သည့် အမေရိကန်စစ်သားများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုကို တရားဝင်ပြုလုပ်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
Ref: reuters


Leave a Reply
You must be logged in to post a comment.