ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
M-Media
– တစ်ဦးချင်းတွင် အာဆင်နယ်အသင်းက ကောင်းသော်လည်း အသင်းလိုက်ပုံစံတွင် မိမိတို့အသင်းက ပိုကောင်းခဲ့သည်ဟု မိုနာကိုအသင်း၏ ပေါ်တူဂီနည်းပြ လီယိုနာဒို ဂျာဒင်မ်က ပြောကြားလိုက်သည်။
ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဂျာဒင်မ်၏အသင်းမှာ အီမရိတ်ကွင်းတွင် အာဆင်နယ်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အခြေအနေ ကောင်းသွားပြီဖြစ်သည်။
ဂျာဒင်မ်ကမူ အာဆင်နယ်အသင်း ထိပ်တန်းတိုက်စစ်မှူးများ၏ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ခဲ့သည့် အသင်းသားများအား ချီးကျူးခဲ့သော်လည်း ထိုနိုင်ပွဲမှာ ယခုနှစ်ရာသီ အရေးပါသည့် နိုင်ပွဲမဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာဆင်နယ်အသင်းမှာ တစ်ဦးချင်းကောင်းသော်လည်း မိမိတို့အသင်းက အသင်းလိုက်ပိုကောင်းခဲ့သည်ဟု ဆိုသည်။
“ပထမပိုင်းမှာ အာဆင်နယ်က တော်တော်လေးမာပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နည်းနည်း ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းမှာ ခံစစ်တောင့်ခဲ့ပြီး အဲဒီနောက်မှာတော့ နေရာလွတ်တွေကို အသုံးချခဲ့ပါတယ်။ အာဆင်နယ်မှာ ကစားသမားကောင်းတွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ အသင်းလိုက်အားကစားဖြစ်ပြီး ကျွန်တော်တို့ ထိခိုက်မှုမရှိဘဲ တန်ပြန်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း စုစည်းခဲ့ရုံသာမက အရည်အသွေးအပြည့်နဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ဂျာဒင်မ်က ပြောကြားခဲ့သည်။
အာဆင်ဝင်းဂါးကမူ ထိုပွဲတွင် မိမိတို့အသင်းခံစစ်မှာ ပလိုင်းပေါက်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် မလွယ်တော့ဟု ပွဲအပြီးတွင် ၀န်ခံခဲ့သည်။
Ref: goal.com
Leave a Reply
You must be logged in to post a comment.