မတ် ၁၁၊ ၂၀၁၅
M-Media
– Apple မှ ထုတ်လုပ်သော အိုင်ဖုန်းများနှင့် အိုက်ပက်များ၏ လုံခြုံရေးကို ချိုးဖောက်ရန်အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA မှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သည့် The Intercept က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA ၏ ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖော်ထုတ်ခဲ့သော အထောက်အထားများကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး CIA က ထိုလုပ်ငန်းကို ပထမဆုံး အိုင်ဖုန်း မထွက်ခင် ၂၀၀၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
စနိုးဒင်ဖော်ထုတ်ခဲ့သည့် အထောက်အထားများတွင် CIA မှာ Apple ၏ အက်ပလီကေးရှင်းစတိုးမှ ရောင်းချသော အက်ပလီကေးရှင်း သို့မဟုတ် ပရိုဂရမ်များကို ထောက်လှမ်းနိုင်ရန်အတွက် Apple ၏ ဆော့ဖ်ဝဲထုတ်လုပ်မှု tool တစ်ခုဖြစ်သော Xcode အား မွမ်းမံထားသော ဗားရှင်းအပါအ၀င် ရုပ်ပိုင်းဆိုင်ရာနှင့် ပရိုဂရမ်ပိုင်းဆိုင်ရာ နည်းလမ်းများကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။
CIA မှ သုတေသနပညာရှင်များကမူ ၎င်းတို့မှာ ကီးဘုတ်မှ ရိုက်နှိပ်သည်များအားလုံးကို ဖမ်းယူထားနိုင်မည့် Keylogger ကို install လုပ်ရန်အတွက် laptop နှင့် desktop ကွန်ပျူတာများသို့ updates များ ပေးပို့သော OS X updater ကို အောင်မြင်စွာ မွမ်းမံနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။
ထိုအောင်မြင်မှုကို စီအိုင်အေ လုပ်ငန်းပိုင်းဆိုင်ရာ စင်တာမှ ပြုလုပ်သော Jamboree ဟုခေါ်သည့် လျှို့ဝှက်တွေ့ဆုံပွဲတွင် သုတေသနပညာရှင်များအား ဖော်ထုတ်ပြသခဲ့ပြီး ထိုအထဲတွင် စနိုးဒင်လည်း ပါဝင်ခဲ့သည်။
အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများမှာ အမေရိကန်ကုမ္ပဏီများအပါအ၀င် စီးပွားဖြစ်ထုတ်လုပ်သော လုံခြုံရေးပစ္စည်း ဒါဇင်ပေါင်းများစွာ၏ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ကြသည်။
စနိုးဒင်၏ အဆိုပါ အထောက်အထားများတွင် စီအိုင်အေက Apple ပစ္စည်းများကို ဖောက်ထွင်းရန် ဆောင်ရွက်မှုမှာ မည်မျှအောင်မြင်ခဲ့သည် ဆိုသည်နှင့် မည်မျှအမြတ်ထုတ်နိုင်ခဲ့သည်တို့နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်းမရှိဟု The Intercept က ဆိုသည်။
Ref: Xinhua
Leave a Reply
You must be logged in to post a comment.