မတ် ၁၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
လူတိုင်းလိုလိုရဲ့ရင်ထဲမှာ အနာဂတ်အတွက် စိတ်ကူးလေးတွေ ကိုယ်စီရှိထားနှင့်ကြသည်က သဘာဝပါပဲ။ အဲဒီအတွက် ပုံဖော်နိုင်အောင်လည်း ကြိုးပမ်းကြရတယ်။ စိတ်ကူးနှင့် လက်တွေ့ဘဝ တစ်ထပ်တည်းကျလို့ အောင်မြင်ပျော်ရွှင်ရသူတွေလည်း ရှိသလို၊ မှန်းထားတဲ့ အတွေး စိတ်ကူးတွေနှင့် အံချော်လွဲဖယ်သွားသူတွေလည်း ရှိပါတယ်။ တချို့ရှိတယ်။ လက်တွေ့မပါ စိတ်ကူးချည်း သက်သက်နှင့် အဖိုးတန် အချိန်တွေကို နှမြောစရာကောင်းလောက်အောင် ဖြုန်းပစ်နေကြရော။ ဒီတော့လည်း ပီပြင်တဲ့အနာဂတ်ဘဝ တစ်ခုကို ပိုင်ဆိုင်ခွင့်မရတာ အံ့သြစရာ မရှိပါဘူးနော်။ တကယ်တော့ ပြန်ပြီးဖြည့်ဆည်းလို့မရ၊ ဝယ်လို့လည်းမရတာ အချိန်ပါပဲလို့ဆိုရင် အဲဒီလောက်အဖိုးတန်တဲ့အချိန်ကာလတွေမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြောရင် ကိုယ့်ဝန်းကျင်နှင့် လူသားအကျိုးပြုလုပ်ရပ် တစ်ခုခုလုပ်ရင်း ကုန်ဆုံးသင့်သည်ပဲပေါ့။
ပီပြင်တယ်ဆိုတာဟာ ရှင်းလင်းပြတ်သားပြီး ရိုးရှင်းစွာပုံပေါ်နေတာမျိုးလို့ ဆိုနိုင်တယ်။ လာမယ့် မနက်ဖြန်ကနေ နောက်ဆုံး ထွက်သက်အထိ ကာလကိုတော့ တစ်ဦးချင်းရဲ့အနာဂတ်လို့သတ်မှတ်ရင် ထင်ရှားပြတ်သားတဲ့ အနာဂတ်ဘဝကို ပုံဖော်ဖို့ဆိုတာ ကာယကံရှင်ရဲ့ သဘောဆန္ဒအတိုင်းပါ။
ကောင်းပြီ။ ပီပြင်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့ ဘယ်သူတွေ၊ ဘယ်လိုတည်ဆောက်ကြမယ် ဆိုတာကို ဆန်းစစ်လေ့လာကြည့်ကြ ရအောင်ပါ။ တကယ်တမ်းပြောရရင် အရွယ်သုံးပါးမရွေး လူတိုင်းလူတိုင်းမှာ ကြိုးစားတည်ဆောက်ခွင့်ရှိနေတယ်။ လူ့သက်တမ်းကို အကြမ်းဖျင်းအနေနှင့် နှစ် (၇၀) လို့သတ်မှတ်မယ်ဆိုရင် သက်တမ်း ၁/၃ ရှိတဲ့ လူငယ်သက်တမ်း တစ်ဝက်လောက်ရှိတဲ့ လူလတ်ပိုင်းနှင့် သက်တမ်းစေ့ (လွန်) သက်ကြီးပိုင်းလို့ သတ်မှတ်နိုင်တယ်။
လူငယ်တွေအနေနှင့် ငယ်ဂုဏ်က ရှိပြီးသားမို့ စိတ်သွားတိုင်းကိုယ်ပါ၊ တက်ကြွဖျတ်လတ်တယ်။ ဇွဲနပဲကြီးကြီးထားပြီး မဖြစ်မနေကြိုးစားတာ လူငယ်အများစုရဲ့သဘာဝ။ လူငယ်ဘဝမှာ အတတ်ပညာတွေကို ရတတ်သရွေ့ကြိုးပမ်းရှာတယ်။ ပြီးတော့ လက်တွေ့အသုံးချရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ်။ အောင်မြင်တဲ့အခြေအနေတစ်ခုကို မျှော်မှန်းထားတာ လူငယ်ရဲ့ပီပြင်တဲ့အနာဂတ်လို့ ဆိုနိုင်တယ်။
လူလတ်ပိုင်းအရွယ်မှာတော့ ဘဝတစ်ခုကိုအခြေတကျ တည်ဆောက်ပြီးတဲ့ အရေအတွက်က များတယ်လို့ ဆိုရမယ်။ အလုပ်ပြီးအလုပ်၊ စီးပွားပြီးစီးပွားရှာရင်း မိသားစုအတွက် ကြိုးပမ်းနေကြတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်နှင့် သားတွေသမီးတွေအတွက် အားတက်သရော ရှာဖွေနေကြသူတွေလည်း ဖြစ်တယ်။ အထူးသဖြင့် ကိုယ့်သားသမီးလေးတွေရဲ့ အနာဂတ်ဘဝ ပီပြင်လှပဖို့ ပညာ၊ ငွေနှင့် အချိန်တွေကို အရင်းအနှီးလုပ်ပေးနေရချိန်ပါပဲ။ သူတို့လေးတွေအတွက် ခိုင်မာတဲ့ အဖြေတစ်ခုခုကို ဖန်တီးပေးချင်တာဟာ အဓိကမျှော်မှန်းချက်ဖြစ်သလို ကိုယ်တိုင်လည်းစိတ်အေးချမ်းတည်ငြိမ်လှပတဲ့ အနာဂတ်ဘဝကို တည်ဆောက်ချင်တာ ပြင်းပြတဲ့ဆန္ဒတစ်ခုလို့ ဆိုရမယ်။
အဖေက ကျွန်မတို့ငယ်ဘဝမှာ မကြာမကြာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းက
“Be content with what you have, but not with what you are”
“ရှိတာနဲ့ ရောင့်ရဲကျေနပ်၊ ဒါပေမယ့် လက်ရှိဘဝကို ဘယ်တော့မှ မရောင့်ရဲနဲ့” တဲ့။
တတ်ထားတဲ့ပညာ၊ လေ့လာထားတဲ့အသိပညာတွေဟာ ပြည့်စုံလုံလောက်ပြီလို့ ဘယ်တော့မှ မယူဆဘဲ၊ ပိုပြီးတိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပဲလို့ ဆိုလိုတဲ့သဘော။ လှပတဲ့အနာဂတ်တစ်ခုကို ရိုးရိုးစင်းစင်းလေး တည်ဆောက်ချင်သူဟာ ကိုယ့်ရဲ့စိတ်ကူးတွေပီပြင်လာအောင် အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိကြပြီး သူများတကာရဲ့ ကြွယ်ဝမှုနှင့် အောင်မြင်မှုတွေကို ဝန်တိုစိတ်ကင်းကင်း ထားတတ်ကြတယ်။
ဘဝဆိုတာရှိရင် အနာဂတ်ဆိုတာ ရှိကိုရှိရမယ်။ အဲဒီအနာဂတ်ဟာလည်း ပီပြင်လှပအောင် ပုံဖော်ထားတာမျိုးဖြစ်ရမယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဦးဆုံးဆန်းစစ်ကြည့်မှ ဘဝမှာဘာဖြစ်ချင်တာလဲ၊ အဲဒီရည်မှန်းချက်ပြည့်အောင် ဘာလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေကြည့်နိုင်မှာဖြစ်တယ်။ နည်းလမ်းတွေ ရှာဖွေလေ့လာလို့တွေ့ပြီပဲထား လက်တွေ့လိုက်နာကျင့်ကြံဖို့က လိုပြန်ရော။ သိပ်ပြီးကောင်းပါတယ်ဆိုတဲ့ သီအိုရီတွေ အဆိုအမိန့်တွေကို ဖတ်မှတ်ထားရုံနှင့် မလုံလောက်ဘူးလေ။ ကိုယ်တိုင်လက်တွေ့ကြိုးစားဦးမှ ဖြစ်တာကိုး။
ကိုယ့်အတွက် တကယ်တမ်းအားဖြည့်ကူညီပြီး လမ်းညွှန်ပေးနိုင်တာကတော့ အတွေ့အကြုံများတဲ့ အသိပညာရှင်တွေနှင့် စာအုပ်စာတမ်းတွေပါပဲ။ တစ်ခုရှိတာက ဘဝအတွက်တိုးတက်ရာ တိုးတက်ကြောင်း ညွှန်ပြပေးမယ့်သူတွေဆိုတာ အခန့်သင့် ကြုံချင်မှကြုံကြိုက်တာမျိုး။ အားကိုးအားထားပြုရမယ့်သူ ကိုယ့်အကျိုးကို တကယ်လိုလားပြီး နည်းပေးလမ်းပြ လုပ်မယ့်သူဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါဆိုရင် ရင်ထဲမှာစိတ်ကူးထားတဲ့ အနာဂတ်ဘဝကို ကောင်းကောင်းကြီးအကောင်အထည်ဖော်နိုင်ပြီပေါ့။
အဲဒီလိုမဟုတ်ခဲ့ရင် ဘာလုပ်မလဲ။ စာဖတ်ရမှာပေါ့။ ဘဝအတွက် အကောင်းဆုံး လမ်းညွှန်မိတ်ဆွေတွေဟာ စာအုပ်တွေပဲလို့ ယေဘုယျ သတ်မှတ်ထားကြသည်။ ကိုယ့်ရည်မှန်းချက်နှင့် အနီးစပ်ဆုံး ကိုက်ညီမည့် စာအုပ်တွေဟာ တကယ့်ကိုအားထားရာတွေပါပဲ။ တချို့က ပြောကြမယ်။ နေထွက်ကနေဝင် ဇယ်စက်သလို သွားလာလှုပ်ရှားနေရတာမို့ စာဖတ်ချိန်မရှိပါဘူး။ တကယ်တမ်းဖြစ်ချင်တဲ့အာသီသရှိသူဟာ နေ့တစ်နေ့ရဲ့ မိနစ်ပိုင်းလောက်ကိုပဲဖြစ်ဖြစ် စာဖတ်ချိန်သီးသန့်ဖယ်ခွင့်ရှိပါတယ်။ လက်တွေ့လုပ်ကြည့်ဖို့တော့ လိုမှာပေါ့။
ဆိုပါစို့။ စာရေးသူတစ်ယောက်ဖြစ်ဖို့ ဝါသနာကြီးသူတစ်ယောက်အတွက် စာဖတ်နာရမယ်၊ စာစုံဖတ်ရမယ်၊ မှတ်မယ်၊ အတွေးတွေကို စကားလုံးအဖြစ် ရေးချမယ်၊ သတ်ပုံသတ်ညွှန်း၊ အရေးအသားစတာတွေကို မျက်ခြေမပြတ် လေ့လာနိုင်ရမယ်၊ စတာတွေကို တစိုက်မတ်မတ်လုပ်ရင်း မျှော်မှန်းထားတဲ့ စာရေးသူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရလာမှာပါ။ ကြိုးစားနေရမှာက ကိုယ့်တာဝန်ပဲမဟုတ်လား။
ဒီတော့ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် အနာဂတ်ကိုမျှော်လင့်ရင်း ရှင်သန်နေကြတာ အများစုရဲ့ ရင်တွင်းဆန္ဒပဲ။ ဖြစ်မလာနိုင်တော့ပါဘူးဆိုတဲ့ အားလျှော့သံဟာ ပီပြင်တဲ့အနာဂတ်နှင့် ဝေးသည်ထက်ဝေးစေတာတော့ အမှန်ပါပဲဆိုတာကိုတော့။
နှင်းဆီခင်
Leave a Reply
You must be logged in to post a comment.