News @ M-Media

ကုရ်အာန်ကျမ်းအား မလေးမစားလုပ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သူများအား အာဖဂန်ဖမ်းဆီး

မတ် ၂၁၊ ၂၀၁၅
M-Media

face78cdb574451090705bc3e69c2e88_18

– ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲကာ အမျိးသမီးတစ်ဦးအား ရိုက်နှက်သတ်ဖြတ်၍ အလောင်းကို မီးရှို့မှုနှင့် ပတ်သက်၍ သံသယရှိသူ ၉ ဦးကို အာဖဂန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီး၏ အလောင်းကို ကဘူးလ်မြစ်ထဲတွင် တွေ့ခဲ့ရပြီးနောက် ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်ရဲတပ်ဖွဲ့ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ဗိုလ်ချုပ် ဖာရစ် အက်ဖ်ဇာလီက ပြောကြားခဲ့သည်။

သေဆုံးသွားသူမှာ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး စိတ်ရောဂါနှင့်ပတ်သက်၍ ကုသမှုခံယူနေရသူဖြစ်ကာ မြို့တော်ကဘူးလ်တွင် အမျိုးသားအုပ်စု၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု အက်ဖ်ဇာလီက ဆိုသည်။

အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီကမူ ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ကိုယ်ဟာကိုယ် စီရင်ဆုံးဖြတ်တာမျိုး၊ အခြားသူတွေကို အရှက်ရစေတဲ့ပုံစံမျိုးနဲ့ အပြစ်ပေးဖို့ အကြမ်းဖက်မှုကို အသုံးချတာမျိုးတွေကို ဘယ်သူ့ကိုမှ ခွင့်မပြုပါဘူး” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အာဖဂန်ရှိ အကြီးဆုံးအစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်ပြီး အစ္စလာမ့်ဥပဒေကို အထူးပြုပြဌာန်းသော အိုလမာကောင်စီကမှ အဖွဲ့ဝင် အဟ်မဒ် အလီ ဂျက်ဘရယ်လီက အဆိုပါအကြမ်းဖက်သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာကို ဆန့်ကျင်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကုရ်အာန်ကျမ်းတော်မြတ်ကို မလေးမစားပြုလုပ်သည့်လုပ်ရပ်များနှင့် ပတ်သက်၍ အာဖဂန်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိပြီး ၂၀၁၂ ခုနှစ်ကလည်း အမေရိကန်စစ်တပ်မှ ထိန်းချုပ်ထားသည့် ဘာဂရမ်အကျဉ်းထောင်တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အာဖဂန်တစ်ဝှမ်းတွင် ၅ ရက်ကြာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ လူပေါင်း ၃၀ ခန့် သေဆုံးခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply