မတ် ၃၁၊ ၂၀၁၅
M-Media
– တစ်သက်တာလုံး စုဆောင်းလာခဲ့သည့် ငွေကြေးများ ဖောက်ထွင်းမှုအတွင်း အခိုးခံခဲ့ရသည့် ပရိတ်သတ်တစ်ဦးအတွက် ရုရှားကလပ် စပါးတက် မော်စကိုအသင်းက ရန်ပုံငွေ ပြန်လည်ရှာဖွေ အကူအညီပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ပရိတ်သတ်မှာ အသက် ၁၀၂ နှစ်အရွယ်ရှိ အော့တို ဖစ်ချာဆိုသူဖြစ်ပြီး ဒိုင်နမိုမော်စကိုနှင့် ဒါဘီပွဲသို့ကြည့်ရန် လာရောက်ခဲ့ပြီးနောက် ၎င်း၏ အခက်အခဲကို ပရိတ်သတ်များက သိသွားခဲ့ကာ နောက်ပိုင်းတွင် ရန်ပုံငွေထောက်ပံ့ပေးသည့် လှုပ်ရှားမှုကို စတင်ပေးခဲ့သည်။
ဖောက်ထွင်းမှုအတွင်း ယူရို ၁၁၀၀၀ ဆုံးရှုံးခဲ့ရသည့် ဖစ်ချာအတွက် ပရိတ်သတ်များက စုပေါင်းလှူဒါန်းငွေမှာ ယူရို ၇၀၀၀ ကျော်ရရှိခဲ့ပြီး စပါးတက်အသင်း၏ ကစားသမားများကလည်း ငွေကြေး အကူအညီ ပေးခဲ့ကြသည်။ ထို့ပြင် လာမည့်အိမ်ကွင်းပွဲစဉ်တွင် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုလည်း စပါးတက်အသင်းက ဖစ်ချာအား ပေးအပ်သွားမည်ဟု Russia Today သတင်းစာတွင်
ဖော်ပြခဲ့သည်။
ဒုတိယကမ္ဘာစစ် တပ်သားဟောင်း ဖစ်ချာမှာ စပါးတက် ကစားသမားတစ်ဦးနှင့်အတူ Russian TV ၏ ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ပြီး ၎င်းအား ထိုကဲ့သို့ ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“ဒီလိုအကူအညီရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ကို ကူညီတဲ့သူတိုင်းကို ကျွန်တော် ဦးညွှတ်ပါတယ်။ နောက်ထပ်တစ်ပွဲ ကြည့်ခွင့်ရမယ်ဆိုရင်လည်း ကျွန်တော် အတိုင်းမသိ ၀မ်းသာမှာပါ” ဟု ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.