News @ M-Media

ဒီစတီဖာနိုနှင့် မက်ဆီတို့၏ ဟက်ထရစ်စံချိန်ကို ရော်နယ်ဒိုလိုက်မီ

ဧပြီ ၆၊ ၂၀၁၅
M-Media

cristianoronaldo-cropped_1kfkphfu3lowh1mm5mw25nm3hf

– ပြီးခဲ့သည့် စနေနေ့က ဂရာနာဒါနှင့်ပွဲတွင် ၅ ဂိုး သွင်းယူနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဒီစတီဖာနိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ရရှိထားသည့် စံချိန်တို့ကို လိုက်မီသွားခဲ့ပြီဟု သိရသည်။

၉ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် အဆိုပါ လာလီဂါပွဲတွင် ရော်နယ်ဒိုမှာ ၈ မိနစ်အတွင်းပင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ ဘောလုံးလောကတွင် အမြန်ဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခြင်းမှာ ၎င်း၏ ကစားသမားဘ၀တစ်လျှောက် ပထမဆုံးလည်း ဖြစ်သည်။

အဆိုပါဟက်ထရစ်မှာ ရီးယဲလ်အတွက် ပြိုင်ပွဲအားလုံး၌ ရော်နယ်ဒို၏ ၂၈ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး လာလီဂါသမိုင်းတစ်လျှောက် စပိန်နိုင်ငံသားမဟုတ်သည့် ကစားသမားများထဲတွင် ရီးယဲလ်အတွက် ဟက်ထရစ်အများဆုံး သွင်းယူထားသော ရီးယဲလ်တိုက်စစ်မှူးဟောင်း ဒီစတီဖာနို၏ စံချိန်နှင့် တူညီသွားပြီဖြစ်သည်။

လာလီဂါတွင်မူ ရော်နယ်ဒို၏ ထိုဟက်ထရစ်မှာ ၂၄ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး မက်ဆီ၏ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ မက်ဆီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ဟက်ထရစ် ၃၂ ကြိမ် သွင်းယူပေးထားနိုင်သည်။

ရော်နယ်ဒိုမှာ ရီးယဲလ်အသင်း၏ နောက်ဆုံး ၄၁ ပွဲတွင် ၄၇ ဂိုး သွင်းပေးထားနိုင်ခဲ့ပြီး ကစားသမားတစ်သက်တမ်းတစ်လျှောက် အမှတ်ပေးပြိုင်ပွဲ ဂိုးပေါင်း ၃၀၀ ပြည့်သွားခဲ့ပြီလည်း ဖြစ်သည်။ ထိုဂိုးပေါင်း ၃၀၀ တွင် စပို့တင်းလစ္စဘွန်းအတွက် ၃ ဂိုး၊ မန်ယူအတွက် ၈၄ ဂိုးနှင့် ရီးယဲလ်အတွက် ၂၁၃ ဂိုး သွင်းယူပေးထားခြင်း ဖြစ်သည်။

ဂရာနာဒါနှင့်ပွဲ ၉ ဂိုး သွင်းယူနိုင်ခြင်းမှာ လာလီဂါသမိုင်းတစ်လျှောက် ရီးယဲလ်၏ တတိယမြောက် ၉ ဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref: Goal.com

Comments

Leave a Reply