News @ M-Media

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက် အသက်ရှိသေးကြောင်း အက်သလက်တီကို ဂိုးသမားပြော

ဧပြီ ၁၅၊ ၂၀၁၅
M-Media

oblak

– ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပထအကျော့တွင် ဂိုးမရှိသရေဖြစ်ခဲ့ခြင်းက မိမိတို့အသင်း နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေသည်ဟု အက်သလက်တီကိုမက်ဒရစ်အသင်း၏ ဂိုးသမား ဂျန် အိုဘလက်က ပြောကြားခဲ့သည်။

အက်သလက်တီကို၏ အိမ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် အိုဘလက်မှာ ဂါရက်ဘေးလ်အပါအ၀င် ရီးယဲလ်တိုက်စစ်မှူးများ၏ အပိုင်ကန်သွင်းခွင့်များကို မယုံနိုင်လောက်ဖွယ် ကာကွယ်သွားနိုင်ခဲ့သည်။ လာမည့်သီတင်းပတ်တွင် ဒုတိယအကျော့အဖြစ် ဆန်တီယာဂိုဘာနေဗျူး၌ ကစားရမည်ဖြစ်ပြီး အိုဘလက်က ရီးယဲလ်နှင့် တွေ့ဆုံထားသည့် ၇ ပွဲတွင် မိမိတို့အသင်း ရှုံးပွဲမရှိခဲ့သည့် မှတ်တမ်းကို ပိုမိုချဲ့ထွင်သွားချင်သည်ဟု ပြောကြားခဲ့သည်။

“တစ်သင်းလုံးလိုပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်။ ကျွန်တော်တို့ အသည်းအသန် ကြိုးစားခဲ့ရပြီး တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ် ရပါတယ်။ အမြဲတမ်း ဂိုးတွေသွင်းပြီး နိုင်ချင်တာပါပဲ။ ဒါပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ ဒုတိယအကျော့မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဂိုးမပေးရတာက နောက်ပွဲအတွက် တကယ့်ကို အရေးပါပါတယ်။ ဘယ်သူက ရေပန်းစားလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့က ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အသက်ရှိပါသေးတယ်” ဟု အိုဘလက်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကလည်း အိုဘလက်၏ လက်စွမ်းနှင့် ဂါရက်ဘေးလ်၏ အားထုတ်မှုတို့အား ချီးကျူးခဲ့သည်။

“ပထမပိုင်းမှာ အက်သလက်တီကိုအတွက် ဂိုးသမားဟာ တော်တော်လေး အရေးပါပါတယ်။ ဂါရက်ကလည်း ကောင်းကောင်း ကစားခဲ့ပါတယ်။ ကျွန်တော် တကယ့်ကို ကျေနပ်မိပါတယ်။ တစ်ပွဲလုံးကို ကျွန်တော်တို့ ကြိုးစားကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အရည်အသွေး တော်တော်လေး ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ပိုခက်သွားပါတယ်” ဟု အန်ဆယ်လော့တီက ဆိုသည်။

ဂိုးမရှိသရေရလဒ်က ရလဒ်ကောင်းလားဟု မေးမြန်းရာတွင် အန်ဆယ်လော့တီက ရလဒ်ကောင်းမဟုတ်ကြောင်း မိမိတို့အသင်းမှာ ပထမပိုင်းတွင် အလွန်ကောင်းစွာ ကစားနိုင်ခဲ့ကြောင်း အသင်း၏ စွမ်းဆောင်မှုအတွက် ကျေနပ်မိပြီး ဒုတိယအကျော့အိမ်ကွင်းတွင် ထိုခြေစွမ်းမျိုးရအောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal.com

Comments

Leave a Reply