မေ ၅၊ ၂၀၁၅
M-Media
– ဆွန်ခ်လာပြည်နယ်တွင် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ သေဆုံးမှုတွင် ပါဝင်သော လူမှောင်ခိုဂိုဏ်း သံသယရှိသူ ဒေသတွင်း အာဏာပိုင်များကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အခြားသူများကိုလည်း လိုက်လံရှာဖွေနေသည်ဟု သိရသည်။
ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင် ထိုင်း-မလေးရှားနယ်စပ်ရှိ ဘန်သာလိုရွာတွင် လူကုန်ကူးသူများ၏ စခန်းများဟု ယူဆရသည့်နေရာများ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ၏ အလောင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ မြူနီစီပယ်အရာရှိဖြစ်သူ အသက် ၄၂ နှစ်အရွယ် အာဆမ် အင်သက်ဟန်နူ၊ ဘန်သာလိုရွာ ဒုတိယသူကြီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ရော်အန် ဆွန်ယာလေ၊ ဒုတိယ ရွာခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် အလီး လာမိုဟ်နှင့် မြန်မာနိုင်ငံသား အသက် ၄၀ အရွယ့် စိုးနိုင်(ခ)အဏ္ဏဝါ တို့ ဖြစ်ကြသည်။
အာဆန်နှင့် ရော်အန်တို့မှာ ရိုဟင်ဂျာများအား ဖမ်းဆီးထားသည့် စခန်းများကို ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သည်ဟု စွပ်စွဲခံထားရပြီး၊ အလီးမှာ အဆိုပါ စခန်းများအား စောင့်ကြပ်သည်ဟု သံသယရှိနေသည်။ ၎င်းတို့ကမူ ယမန်နေ့က ဆွန်ခ်လာတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထိုစွဲချက်များအား ငြင်းဆိုခဲ့သည်။
စိုးနိုင်(ခ) အဏ္ဏဝါ ကို ရိုဟင်ဂျာများအား ပြန်ပေးဆွဲကာ ပြန်ပေးငွေတောင်းမှုနှင့် လိမ်လည်မှုတို့အတွက် နာခွန် ဆီ သာမာရက်ပြည်နယ်တွင် ထိန်းသိမ်းထားသည်။ ၎င်းတို့ ၄ ဦးစလုံးမှာ လူကုန်ကူးမှု၊ ပြန်ပေးငွေအတွက် ပြန်ပေးဆွဲမှု၊ ဖမ်းဆီးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။
ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ အခြား လူ ၄ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ် ပန်ပွန်မောင်က ထိုကိစ္စတွင် ပါဝင်ပတ်သက်သည့် အာဏာပိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် အခြားသော သံသယရှိသူများကိုလည်း ၀ရမ်းထုတ်ဖမ်းဆီးသွားမည်ဟု ဆိုသည်။
ထိုစခန်းများမှ ရုပ်အလောင်း ၂၆ လောင်းကို တူးဖော်ရရှိခဲ့ပြီး အဆိုပါ ရုပ်အလောင်းများကို ကနဦးစစ်ဆေးမှုများရ ရောဂါနှင့် အစာရေစာ ပြတ်လတ်မှုကြောင့် သေဆုံးခဲ့ရသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုကို ကိုင်တွယ်နေသည့် ရဲတပ်ဖွဲ့ ဗိုလ်ချုပ် ဆွမ်ယွတ်က ပြောကြားခဲ့သည်။
လူကုန်ကူးမှုမှာ ထိုင်းဥပဒေအရ တရားမ၀င်လုပ်ငန်းဖြစ်ပြီး ရိုဟင်ဂျာများအား ထိန်းသိမ်းထားသည့် ထိုစခန်းများကို နယ်စပ် ပတ္တရောင်ရဲတပ်ဖွဲ့ စခန်းအနီးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ မလေးရှား၊ မြန်မာအာဏာပိုင်များနှင့် ပေါင်းကာ တရားဥပဒေအရ ဆောင်ရွက်မှုများ၊ စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွမ်ယွတ်က ပြောကြားခဲ့သည်။
အဆိုပါ စခန်းများကို ခရီးစဉ်တစ်ခုအတွက် ရိုဟင်ဂျာအမြောက်အမြားအား ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ထိုလူကုန်ကူး လုပ်ငန်းမှာ ၃၊ ၄ နှစ်ဆက်တိုက် ထိုနေရာတွင် ရှိနေခဲ့သည်ကို ထိန်းသိမ်းရေးစခန်းများ၏ အနေအထားများက ပြသနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုစခန်းမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များအရ လူကုန်ကူးသူများမှာ ပြန်ပေးငွေ မပေးနိုင်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး ထိုစခန်းများတွင် သေဆုံးသူ အရေအတွက်မှာ ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။
Ref: Bangkokpost


Leave a Reply
You must be logged in to post a comment.