မေ ၆၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့် မတ်လအတွင်းက ကဘူးလ်မြို့တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုတွင် အဓိကပါဝင်သူ ၄ ဦးကို အာဖဂန်တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။
အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါ အသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအပါအ၀င် စုစုပေါင်း လူ ၄၉ ဦးကို ဖမ်းဆီးထားပြီး မေလ ၂ ရက်နေ့မှ စတင်ကာ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအပါအ၀င် အခြား ၈ ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ပြီး၊ ၁၈ ဦးကို သက်သေမခိုင်လုံသည့်အတွက်ကြောင့် လွှတ်ပေးခဲ့သည်။
တရားသူကြီးမှာ ရုံးချိန်းကို စနေနေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ထိုနေ့တွင် ကျန်ရှိသည့် ၁၉ ဦးအား ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကာ ၎င်းတို့အားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ကြိုးပေးကွပ်မျက်ခံရမည် ဖြစ်သည်။
တရားစွဲဆိုမှုများတွင် လက်ရောက်ကျူးလွန်မှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်စေမှုတို့ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်ပျက်ကွက်မှုနှင့် တိုက်ခိုက်မှုကို တာဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပြစ်ဒဏ်ချမှတ်ခံရသူများမှာ အယူခံဝင်ခွင့် ရရှိမည်ဖြစ်သည်။
ဖာ့က်ဟန်ဒါ၏ အကိုဖြစ်သူ မူဂျွဘ် အူလာ ဖာ့က်ဟန်ဒါကမူ အဆိုပါ ရလဒ်အား မကျေနပ်ဟု ပြောကြားခဲ့သည်။
“သူတို့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးတာပါ။ အစိုးရက ဖိအားပေးလို့ တရားစွဲဆိုမှု ဖြစ်လာတာပါ။ တကယ့် ကြိုးကိုင်သူတွေ အဲဒီအထဲမှာ မပါပါဘူး။ အစိုးရက တကယ့်လူသတ်သမားတွေကို မဖမ်းဆီးခဲ့ပါဘူး။ လမ်ပေါ်က အပြစ်မဲ့သူတွေကိုသာ ဖမ်းခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်မှာ လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပြီး သူတို့က ၄ ဦးကိုသာ သေဒဏ်ချခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.