မေ ၂၄၊ ၂၀၁၅
M-Media
– မိမိ၏ ဘာကာကစားသမားဘ၀ တစ်လျှောက်တွင် အားပေးခဲ့ကြသည့် ပရိတ်သတ်များအား ကျေးဇူးတင်ပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွင် ပါဝင်ကစားခဲ့ရသည့်အတွက် ဂုဏ်ယူမိသည်ဟု ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ဇာဗီက ပြောကြားလိုက်သည်။
အသင်းမှထွက်ခွာတော့မည့် ဇာဗီက ယမန်နေ့တွင် ဒီပို့တီဗိုနှင့် လာလီဂါနောက်ဆုံးပွဲ၌ ပရိတ်သတ်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အသက် ၃၅ နှစ်အရွယ်ရှိ ဇာဗီမှာ ဘာစီလိုနာအသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး လာမည့်နွေရာသီတွင် ကာတာကလပ် အလ်ဆက်ဒ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ယခုသီတင်းပတ်တွင် အတည်ပြုခဲ့သည်။
ယမန်နေ့ပွဲတွင် ဘာစီလိုနာမှာ လာလီဂါဖလားအား လက်ခံရယူခဲ့ပြီး ဇာဗီကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“အားလုံးပဲ မင်္ဂလာနေ့လည်ခင်းပါ။ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့အတွက် ဒီရာသီတွေအတွက် ကျွန်တော် အရမ်းကျေးဇူးပါတယ်။ ဘာစီလိုနာ ကစားသမားတစ်ယောက် ဖြစ်ရတာကို ကျွန်တော် ဘယ်လောက် ဂုဏ်ယူရတယ်ဆိုတာ ခင်ဗျားတို့ မသိပါဘူး။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ” ဟု ဇာဗီက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏ ဇနီး၊ မိဘ၊ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ပြန်လည်တွေ့ဆုံမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Gaol


Leave a Reply
You must be logged in to post a comment.