News @ M-Media

ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

ဇွန် ၄၊ ၂၀၁၅
M-Media

blazer

– မိမိနှင့်အတူ အခြားအမှုဆောင် ကော်မတီဝင်များမှာလည်း ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားများအတွက် လာဘ်ငွေ လက်ခံခဲ့သည်ဟု ဖီဖာအမှုဆောင်ကော်မတီဝင်ဟောင်း ချက်ဘလေဇာက ၀န်ခံပြောကြားလိုက်သည်။

ဘလေဇာမှာ ၂၀၁၃ ခုနှစ်က နယူးယောက်မြို့ တရားရုံးတွင် အက်ဖ်ဘီအိုင်သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ဘလေဇာမှာ ၎င်းကိုယ်တိုင်လည်း လာဘ်စားမှုနှင့် အခြားစွဲချက်များအတွက် အပြစ်ရှိသည်ဟု ထိုစဉ်က တစ်ပါတည်း ၀န်ခံခဲ့သည်။

“ကျွန်တော်နဲ့ ဖီဖာအမှုဆောင်ကော်မတီဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိကကို အိမ်ရှင်အဖြစ် ရွေးချယ်မှုနဲ့ ဆက်စပ်ပြီး လာဘ်ငွေတွေယူဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘလေဇာက တရားရုံးတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရစ်ဘီယံဒေသ ဘောလုံးအဖွဲ့ချုပ်များ၏ ဒုတိယ အကြီးအကဲဟောင်းဖြစ်ခဲ့သူ ဘလေဇာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မည်သည့်နိုင်ငံအား မဲပေးရမည်ဆိုခြင်းနှင့် ပတ်သက်၍လည်း လာဘ်ငွေယူရန် မိမိမှာ ၁၉၉၂ ခုနှစ် ၀န်းကျင်က စီစဉ်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသားဖြစ်သူ ဘလေဇာမှာ တရားသူကြီးများနှင့် သဘောတူညီချက်ယူကာ နယူးယောက် ဖက်ဒရယ်တရားရုံးတွင် ရာဇ၀တ်မှုစွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း လျှို့ဝှက်ဝန်ခံခဲ့သည်ဟု ယမန်နေ့က ဖွင့်ချမှုတွင် ဖော်ပြထားသည်။

ဘလေဇာ၏ ပူးပေါင်းဆောင်ရွက်မှုက ဖီဖာ၏ ထိပ်တန်းအကြီးအကဲများအား တရားစွဲဆိုမှုကို ဦးတည်စေခဲ့သည့် ချစားသည့်အမှု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ ဖီဖာ၏ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများတွင် ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့အား ရွေးချယ်ခဲ့မှု ကိစ္စအထိ ကျယ်ပြန့်လာခဲ့သည်ဟု သိရသည်။

Ref: Aljazeera

Comments

Leave a Reply