ဇွန် ၂၂၊ ၂၀၁၅
M-Media
– ကိုပါအမေရိက ကွာတားဖိုင်နယ်တွင် တွေ့ရမည့် ပါရာဂွေးအသင်းမှာ မိမိတို့အား ၂၀၁၁ ခုနှစ်ကကဲ့သို့ ဖြုတ်ချသွားနိုင်သည်ဟု ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် ဗင်နီဇွဲလားအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ဘရာဇီးလ်မှာ အုပ်စု C တွင် အုပ်စုဗိုလ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီး ပါရာဂွေးအသင်းနှင့် တွေ့ရမည်ဖြစ်သည်။
ပါရာဂွေးမှာ ၂၀၁၁ ခုနှစ်က အာဂျင်တီးနား၌ ကျင်းပသော ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်အား ပင်နယ်တီဖြင့် ဖြုတ်ချနိုင်ခဲ့သည်။
ဆေးလ်ဗာကမူ မိမိတို့အနေဖြင့် မိမိကိုယ်ကို အားရကျေနပ်မှု အန္တရာယ်အား ယခုအချိန်တွင် အပြည့်အ၀ သတိပြုထားနေပြီး၊ လွန်ခဲ့သည့် ၄ နှစ် နာကျင်ဖွယ်အတိတ်က မိမိတို့၏ စိတ်တွင် လွှမ်းမိုးနေမည်ဟု ပြောကြားခဲ့သည်။
“သူတို့ဟာ ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်မှာပါ။ ပြီးခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲကို ကြည့်ခဲ့ကြသူတိုင်းက ပါရာဂွေးဟာ လမ်းမှာ ကျွန်တော်တို့ကို ဖြုတ်ချပြီး နောက်ဆုံးဗိုလ်ပွဲကို အရည်အချင်းနဲ့ တက်သွားတယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုပြန်ဖြစ်မယ်လို့ ပြောနေတာမဟုတ်ပေမယ့်
လော့ဂျစ်အရ ဒီလိုမျိုး ခံစားရဖို့လည်း ရှိပါတယ်” ဟု ဆေးလ်ဗားက Spor TV သို့ ပြောကြားခဲ့သည်။
ပါရာဂွေးမှာ အုပ်စု B တွင် အာဂျင်တီးနားအောက် ဒုတိယဖြင့် ကွာတားဖိုင်နယ် တက်လာခြင်းဖြစ်ပြီး ဆေးလ်ဗားကမူ မိမိတို့မှာ တိုက်စစ်အားပြု၍ ကစားသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.