ဇူလိုင် ၆၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် ချစားမှုပြဿနာတွင် ပါဝင်ခြင်းမရှိသော်လည်း ဆွစ်ဇာလန်မှ အခြားနိုင်ငံသို့ သွားရောက်ပါက အဖမ်းခံရမည်ကို စိုးရိမ်မိသည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
ဖီဖာမှာ ချစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အကြီးတန်းအရာရှိ ၁၄ ဦးခန့်မှာလည်း ဖမ်းဆီကာ တရားစွဲဆိုခြင်း ခံထားရသည်။ ထို့ပြင် ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ဖီဖာမှာ ချစားမှု ရှိခဲ့သည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
၅ ကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရပြီးနောက် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည့် ဥက္ကဌဘလတ္တာမှာ ထိုပြဿနာများတွင် ငြိစွန်းမှုမရှိဘဲ ၎င်းကိုယ်တိုင်ကလည်း မိမိမှာ လိပ်ပြာသန့်သည်ဟု ပြောကြားထားဖူးသည်။
သို့သော်လည်း ကနေဒါ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို စွန့်စား တက်ရောက်လိုက်ပါက အမေရိကန်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုကို ကြောက်ရွံ့နေသည်ဟု ဘလတ္တာက ပြောကြားခဲ့သည်။
“အမေရိကန်က ကျွန်တော်နဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တာတစ်ခုခု ရှိတာကြောင့် မဟုတ်ပါဘူး။ (ကျွန်တော့်ကိုဖမ်းတာဟာ) လူထုကြားထဲ မငြိမ်မသက် ဖြစ်မှာကြောင့်ပါ။ အားလုံး ပြီးဆုံးသွားတဲ့အချိန်အထိ ကျွန်တော်ဟာ စွန့်စားပြီး ခရီးမသွားပါဘူး။ တုန်လှုပ်ခြောက်ခြားစရာ ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်နည်းနည်း လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတာဟာ ခေါင်းဆောင်တစ်ယောက်အတွက် အကြီးဆုံးရန်သူတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့အရာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘလတ္တာက မီဒီယာသို့ ပြောကြားခဲ့သည်။
ဘလတ္တာမှာ မိမိအား ချစားသည်ဟု ပြောပါက သက်သေအေထာက်အထားပြရန် ပြီးခဲ့သည့် တစ်ပတ်ကပင် စိန်ခေါ်ခဲ့ပြီး ယခုလည်း မိမိ ဤနေရာ၌ ရှိနေခြင်းမှာ ဖီဖာအတွက်သာ ဖြစ်သည်ဟု ဆိုသည်။
“ဝေဖန်မှုတွေက ကျွန်တော့်ကို မနာကျင်စေပါဘူး။ ကျွန်တော့်ကိုနာကျင်တာဟာ အမုန်းတရားနဲ့ အပုပ်ချတဲ့စကားပါ။ မနာလိုဝန်တိုမှုက အမုန်းအဖြစ် ပြောင်းသွားကြတာပါ။ လူတွေက ကျွန်တော့်ရဲ့ ဖီဖာကို ဖျက်ဆီးချင်တာကို ကျွန်တော် ကြောက်ပါတယ်။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ဥပမာအားဖြင့် သေရမှာမျိုးပေါ့။ ဒါပေမယ့် ဖီဖာမှာ ကျွန်တော် အလုပ်လုပ်ရတဲ့အတွက်ကြောင့်
ဘာကိုမှ မကြောက်ပါဘူး။ စိုးလည်း မစိုးရိမ်ပါဘူး”
Ref: Goal
Leave a Reply
You must be logged in to post a comment.