ဇူလိုင် ၆၊ ၂၀၁၅
M-Media
– မနက်ဖြန်တွင် ကုန်ဆုံးမည့် နောက်ဆုံးရက်မတိုင်ခင် နိုင်ငံ၏ နျူအရေး သဘောတူညီချက်အတွက် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ကွဲလွဲမှုအချို့ ရှိနေဆဲဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားခဲ့သည်။
“ဘာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ ကွဲလွဲချက်အချို့ ကျန်ရှိနေသေးပြီး ကျွန်တော်တို့ ကြိုးစားပြီး အားထုတ်လုပ်ဆောင်နေပါတယ်” ဟု ဇာရစ်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
နောက်ဆုံးအဆင့် သဘောတူညီချက်ရရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့သောကြောင့် တစ်ပတ်တာ သက်တမ်းထပ်တိုးခဲ့ပြီး ထိုသတ်မှတ်ရက်မှာ မနက်ဖြန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါသဘောတူညီချက် ရရှိနိုင်သကဲ့သို့ ပျက်ပြယ်သွားနိုင်ပြီး အမေရိကန်မှာလည်း ထိုဆွေးနွေးပွဲမှ ထွက်သွားရန် အဆင်သင့်ရှိနေသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
အနောက်နိုင်ငံများမှ သံတမန်အချို့နှင့် အီရန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါဆွေးနွေးပွဲမှာ ဇူလိုင်လ ၉ ရက်နေ့အထိ ဆက်သွားနိုင်သည်ဟု ပြောကြားထားသော်လည်း ကယ်ရီက ညှိနှိုင်းဆွေးနွေးသူများမှာ မနက်ဖြန် နောက်ဆုံးရက်ကိုသာ ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။
ကယ်ရီနှင့် ဇာရစ်ဖ်တို့မှာ ပြီးခဲ့သည့် တစ်ပတ်လုံး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး ယမန်နေ့ကလည်း ကုလမှ အီရန်အပေါ် ပိတ်ဆို့ထားမှုများ ဖယ်ရှားရေးတို့အပါအ၀င် ကျန်ရှိနေသည့် သဘောထားကွဲလွဲမှုများအား ကျော်ဖြတ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
အီရန်တာဝန်ရှိသူတစ်ဦးကမူ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA မှ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် အီရန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.