ဇူလိုင် ၁၄၊ ၂၀၁၅
M-Media
– ဘောလုံးသမားဘ၀စတင်ရာ ဘိုကာဂျူနီယာအသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းကို မိမိအနေဖြင့် အလွန်ပျော်ရွှင်မိပြီး မိမိမှာအကောင်းဆုံး ပုံစံရှိနေဆဲဖြစ်သည်ဟု အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ပြောကြားလိုက်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ တီဗက်ဇ်မှာ အက်သလက်တီကိုမက်ဒရစ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ဂျူဗင်တပ်စ်မှ ၎င်းအား ပြုစုပျိုးထောင်ပေးခဲ့ရာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ဘိုကာဂျူနီယာပရိတ်သတ်နှင့် မိတ်ဆက်ခဲ့ပြီး ပရိတ်သတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကာ တီဗက်ဇ်ကလည်း မိမိမှာ အိမ်ပြန်လာရန် တစ်နှစ်ခန့် စောင့်ခဲ့ရသည်ဟု ဆိုသည်။
“ဘိုကာကို ကျွန်တော်စွန့်ခွာတဲ့အချိန်က ကျွန်တော့်အသက် ၂၀ ပဲ ရှိပါသေးတယ်။ အခု ကျွန်တော် ၃၁ နှစ်ပါ။ ရင့်ကျက်လာတယ်၊ အတွေ့အကြုံတွေပိုလာတယ်။ ပြီးတော့ လူငယ်တွေအတွက် အတုယူစရာဖြစ်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ အကောင်းဆုံး ပုံစံကို ပြန်ရနေပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ကျွန်တော့်ဟာ အိမ်ပြန်ဖို့ စဉ်းစားနေခဲ့တာပါ” ဟု တီဗက်ဇ်က
အဆိုပါ မိတ်ဆက်ပွဲတွင် အာဂျင်တီးနား မီဒီယာများသို့ ပြောကြားခဲ့သည်။
၎င်းအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သည့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီကိုလည်း ကျေးဇူးတင်မိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မနက်ဖြန် အသင်းသားတွေနဲ့ ကျွန်တော် လေ့ကျင့်ချင်ပါတယ်။ ပြီးတော့ စနေနေ့ ကွီမက်စ်နဲ့ပွဲမှာ ကျွန်တော်ဟာ ကစားဖို့ အခြေအနေကောင်းမှာ ရှိနေတယ်ဆိုတာ သူတို့ကိုပြချင်ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.