ဇူလိုင် ၃၁၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ဒေသများအနက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် အစိုးရက ကြေညာလိုက်သည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့မှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားကာ မူလအခြေအနေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့် ဒေသများဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ ယခုကဲ့သို့ သဘာဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်နေ့ ရက်စွဲဖြင့် သမ္မတရုံးမှထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် သီတင်းပတ်များကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများမှာ အတိဒုက္ခများ ရောက်လျက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အလျဉ်အမြန်လုပ်ဆောင်ရန် လိုအပ်နေသည်။
လက်ရှိအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် ရေးဘေးအန္တရာယ်ကို ဆိုးရွားစွာကြုံတွေ့နေရကာ သေဆုံး၊ ဒဏ်ရာရသူစာရင်းများ၊ ပျက်ဆီးဆုံးရှုံးမှုစာရင်းများ၊ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူအရေအတွက်၊ ရေဘေးသင့်နေဒေသများ၊ ပြည်သူများ၏ အရေအတွက်များကို ယခုအချိန်အထိ အစိုးရက တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
Leave a Reply
You must be logged in to post a comment.