သြဂုတ် ၁၁၊ ၂၀၁၅
M-Media
– မြင့်တက်လာသည့် ပြောင်းရွှေ့အခြေချသူများ ပြဿနာကို ဖြေရှင်းရန်အတွက် ဥရောပနိုင်ငံများအား ၅ နှစ်အတွင်း ယူရို ၂.၄ ဘီလီယံ ငွေကြေးအကူအညီပေးရန် ဥရောပကော်မရှင်က ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။
ထိုအကူအညီရရှိမည့် နိုင်ငံများတွင် ပြောင်းရွှေ့အခြေချသူများအား စီမံခန့်ခွဲရန် ရုန်းကန်နေရသည့် အီတလီနှင့် ဂရိနိုင်ငံများ ပါဝင်မည်ဖြစ်ပြီး အီတလီမှာ အများဆုံးအဖြစ် ယူရို သန်း ၅၆၀ ရရှိမည်ဖြစ်ကာ ဂရိမှာ ၄၇၃ သန်း ရရှိမည်ဖြစ်သည်။
ဥရောပသမဂ္ဂနိုင်ငံများတွင် ခိုလှုံခွင့်ရရန် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ပြောင်းရွှေ့အခြေချသူ ထောင်ပေါင်းများစွာ ယခုနှစ်အတွင်း ၀င်ရောက်လာပြီးနောက်ပိုင်း ထိုပြဿနာနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ထိုပြဿနာအတွက် အရေးပေါ်အကူအညီအဖြစ် ဗြိတိန်နိုင်ငံမှာ ဥရောပသမဂ္ဂမှ မတ်လတွင် ယူရို ၂၇ သန်း ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ယခုလနှောင်းပိုင်းတွင် ယူရို သန်း ၂၀ ရရှိမည်ဖြစ်သည်။ သို့သော်လည်း ယခု ရန်ပုံငွေနောက်ပိုင်းတွင် ထပ်တိုးရန်ပုံငွေ တောင်းခံမှုများအတွက် ဥရောပသမဂ္ဂမှ ထုတ်ပေးတော့မည် မဟုတ်ချေ။
ဥရောပသမဂ္ဂမှာ ပြောင်းရွှေ့အခြေချသူ ပြဿနာအား ဖြေရှင်းရန်အတွက် အစီအစဉ် ၁၃ ခုကို ယခုနှစ်နှောင်းပိုင်းတွင် ထပ်မံအတည်ပြုသွားရန် စီစဉ်နေပြီး အဆိုပါအစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများက အကောင်အထည်ဖော်ရမည်ဖြစ်သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.