စက်တင်ဘာ ၅၊ ၂၀၁၅
M-Media
– ဖားရိုးကျွန်းစုများအသင်းအား အနိုင်ရရှိပြီးနောက် ယူရိုခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာသည့် မြောက်အိုင်ယာလန်အသင်းနည်းပြ မိုက်ကယ်အိုနေးလ်က အသင်းရှိ ကစားသမားတိုင်းမှာ ယူရိုနောက်ဆုံးအဆင့် ပြိုင်ပွဲနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။
ယူရိုခြေစစ်ပွဲ အုပ်စု F ၏ သတ္တမမြောက်ပွဲစဉ်အဖြစ် ယနေ့မနက်က ကစားခဲ့သည့် ပွဲတွင် မြောက်အိုင်ယာလန်အသင်းမှာ ဖားရိုးကျွန်းစုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့သည်။ နောက်တစ်ပွဲ အနိုင်ရရှိပါက လာမည့်နှစ် ပြင်သစ်တွင် ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကာ မြောက်အိုင်ယာလန်မှာ သမိုင်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။
အိုနေးလ်ကမူ အသင်းကစားသမားများကို ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် လာမည့်တနင်္လာနေ့ ဟန်ဂေရီအား ဧည့်ခံရမည့်ပွဲတွင် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ဟု ယုံကြည်မှုရှိနေသည်။
“အခုအချိန်မှာ ကျွန်တော်တို့ ပန်းဝင်ဖို့ပဲ လိုပါတော့တယ်။ တနင်္လာနေ့ညမှာ ကျွန်တော်တို့ အဲဒါကို လုပ်ချင်ပါတယ်။ အတိမ်းအစောင်းမရှိဘဲနဲ့ ဖြတ်ကျော်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ရဲ့ ပရိတ်သတ်ရှေ့မှာ လုပ်နိုင်ရင် သိပ်ကောင်းမှာပါ” ဟု အိုနေးလ်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အသင်းသားများမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း အလွန်တိုးတက်ခဲ့ပြီး ယူရိုနောက်ဆုံးအဆင့်နှင့်လည်း ထိုက်တန်ကြောင်း၊ လက်ဖျားခါလောက်သည့် အောင်မြင်မှုဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၆ ယူရိုပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၂၄ သင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ခြင်းကြောင့်၊ ဥရောပရှိ ခြေစွမ်းခြေစရှိသည့် အသင်းများမှာ ဒေသတွင်း ထိပ်တန်းပြိုင်ပွဲတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်လာနိုင်ကြသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.