News @ M-Media

နည်းပြသက်တမ်းတစ်လျှောက် ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ဖူးသည်ဟု ဖာဂူဆန်ပြော

စက်တင်ဘာ ၂၂၊ ၂၀၁၅
M-Media

mu

– မန်ယူတွင် တာဝန်ယူခဲ့သည့် နည်းပြသက်တမ်း ၂၆ နှစ်အတွင်း ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ခဲ့ရသည်ဟု ဂန္တ၀င်နည်းပြ ဖာဂူဆန်က ၎င်း၏ စာအုပ်အသစ်တွင် ထည့်သွင်းဖော်ပြထားသည်။

၎င်း၏ စီမံခန့်ခွဲဆိုင်ရာနှင့်ပတ်သက်၍ နာမည်ကျော် စီးပွားရေးသမား ဆာ မီခေးလ် မိုရစ်နှင့် ပူးတွဲရေးသားသည့် Leading စာအုပ်တွင်ဖြစ်ပြီး ထိုစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ညပိုင်းက Royal Festival Hall တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကစားသမားလေးဦးမှာ အဲရစ်ကန်တိုနာ၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်နှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ဖြစ်ကြပြီး၊ ရော်နယ်ဒိုမှာ အကြီးကျယ်ဆုံးကစားသမားဖြစ်သည်ဟု ဖာဂူဆန်က အတည်ပြုပြောကြားခဲ့သည်။

“တစ်ကယ်လို့ ခင်ဗျားဟာ သတင်းစာတွေဖတ်မယ်၊ တီဗီက အစီအစဉ်ကြေငြာသူတွေရဲ့စကားကို နားထောင်မယ်ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးအကြောင်း ကြားရဖို့ ရှိပါတယ်။ ကျွန်တော့်ရဲ့စာအုပ်ထဲမှာတော့ ဒီနေ့ခေတ်အခါမှာ ကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးသာ ရှိတယ်လို့ ရေးထားပါတယ်။ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုပါပဲ” ဟု ဖာဂူဆန်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကစားသမား ၄ ဦးကို ရွေးချယ်ခဲ့ခြင်းမှာ မိမိ၏ ၂၆ နှစ်တာကာလအတွင်း အလုပ်အတူ တွဲလုပ်ခဲ့ဖူးသည့် ကစားသမားကောင်းများကို မလေးမစားပြုခြင်း၊ ဝေဖန်ခြင်း မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“အဲဒီလေးယောက်ထဲမှာတော့ ခရစ္စတီယာနိုဟာ ခရစ္စမတ်သစ်ပင်ထိပ်က ကြယ်လေးပါပဲ”

ထို့ပြင် မန်ယူမှ လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အန်သိုနီမာရှယ်အား ၀ယ်ယူလိုက်ခြင်းမှာ ရူးနှမ်းခြင်းလား၏ မေးမြန်းခဲ့ရာတွင် ဖာဂူဆန်က မဟုတ်ဟု ငြင်းဆိုခဲ့သည်။

“ရူးနှမ်းမှုလားလို့မေးရင်တော့၊ အခုအချိန်မှာ ဒါဟာ ရူးနှမ်းတာမျိုး မဟုတ်တော့ပါဘူး”

မန်ယူ၏ ကြွယ်ဝမှုမှာလည်း သိသိသာသာပင် မြင့်တက်လာခဲ့ပြီး မိမိ ကိုင်တွယ်သည့်နှစ်များကထက် ပို၍ ကစားသမာများကို အရောင်းအ၀ယ် ပြုလုပ်လာနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် အိုးထရက်ဖို့ဒ်ကို ပထမဆုံး စရောက်တုန်းက အသင်းဟာ ကွင်းဝင်ကြေးလောက်ကိုပဲ မှီခိုနေရတာပါ။ ကျွန်တော်တို့ ဗစ်အန်ဒါဆန်နဲ့ ဘရိုင်ယန် မက်ကလဲတို့ကို ပထမနှစ်မှာ ပေါင် ၁ သန်းနဲ့ ခေါ်ခဲ့တယ်။ နောက်တော့ မက်ခ်ဟုဂ်ျကို ၁.၈ သန်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်”

ထို့ပြင် ၁၉၈၆ ခုနှစ်က မန်ယူအသင်း၏ တန်ဖိုးမှာ ပေါင် ၁၀ သန်းဝန်းကျင်သာရှိသေးပြီး၊ ယခုအချိန် တန်ဖိုးမှာ ပေါင် ၂ ဘီလီယံအထိ ရှိလာခဲ့ပြီးဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဖာဂူဆန်၏ ခေါင်းဆောင်မှု အနုပညာကို အဓိကထား ရေးသားချယ်မှုန်းထားသည့် အဆိုပါ Leading စာအုပ်ကို ယနေ့တွင် စတင်ရောင်းချမည်ျြဖစ်သည်။

Ref: Goal

Comments

Leave a Reply