News @ M-Media

ကမ္ဘာ့ဘောလုံးဘုရင်နှစ်ပါး ရာထူးမှ အနားပေးခြင်းခံရ

အောက်တိုဘာ ၈၊ ၂၀၁၅
M-Media

fifa

– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ်ပလာတီနီတို့မှာ လတ်တလော ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်ဟု သိရသည်။

ဖီဖာ၏ ကျင့်ဝတ်ကော်မတီက ယမန်နေ့တွင် ထိုကဲ့သို့ အနားပေးခြင်းဖြစ်ပြီး၊ ၉ နှစ်အရင်က ဘလတ္တာအား အကြံဥာဏ် ပေးခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် ပလာတီနီက ကန်ဒေါ်လာ ၁.၃၅ သန်း ရရှိခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်း ယခုအရေးယူမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဘလတ္တာမှာ ကမ္ဘာ့ဖလား ရုပ်သံလွှင့်ခွင့်ကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဂျက်ဝါနာအား အောက်ဈေးဖြင့် ရောင်းချမှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။ အဆိုပါ ရုပ်သံလွှင့်ခွင့်များအတွက် ဂျက်ဝါနာမှာ ပေါင် ၁၁ သန်း အကျိုးအမြတ်ရခဲ့သည်။

ကျင့်ဝတ်ကော်မတီ၏ ထိုဆုံးဖြတ်ချက်ကို ဖီဖာ၏ တရားရေးဌာနက အတည်ပြုရန် လိုအပ်နေပြီး ယခုသီတင်းပတ်အဆုံးတွင် ဆောင်ရွက်သွားရန် ရှိနေသည်။ အတည်ပြုပြီးပါက ဘလတ္တာနှင့် ပလာတီနီတို့မှာ ဇန်န၀ါရီလဆန်းပိုင်းအထိ ရာထူးမှ အနားယူရမည်ဖြစ်သည်။

ထိုသို့အရေးယူခံရခြင်းက ဘလတ္တာ၏ ဖီဖာအား ၁၇ နှစ်ကြာ ဦးဆောင်ခဲ့မှုနှင့် လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးကောက်ပွဲတွင် ၀င်ရောင်ယှဉ်ပြိုင်ရန် လျာထားသည့် ပလာတီနီ၏ ယူအီးအက်ဖ်အေ ဥက္ကဌအဖြစ် ၈ နှစ်ကြာ ဆောင်ရွက်မှုကို အဆုံးသတ်သွားမည့် အလားအလာလည်း ရှိနေသည်။

Ref: Dailymail

Comments

Leave a Reply