နိုဝင်ဘာ ၇၊ ၂၀၁၅
M-Media
– cryotherapy (အအေးကုထုံး) နှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်တွင် ၎င်း၏ ပုံရိပ်ကို ဖော်ပြမှုအတွက် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဖရန့် ရီဘာရီက အမေရိကန် သတင်းဌာန CNN ကို တရားစွဲဆိုလိုက်ပြီး နစ်နာကြေး ကန်ဒေါ်လာ ၁.၅ သန်း တောင်းခံလိုက်သည်ဟု သိရသည်။
အဆိုပါ cryotherapy ကုထုံးဖြင့် ကုသနေစဉ် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦး၏ သတင်းကို CNN က Twitter စာမျက်နှာတွင် ဖော်ပြရာ၌ cryotherapy ကုသခန်းတွင် ကုသနေသည့် ရီဘာရီ၏ ပုံကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
“မစ္စတာရီဘာရီဟာ သူ့ရဲ့ အဲဒီပုံရိပ်ကို အသုံးပြုခွင့် မပေးခဲ့သလို ဒီလိုအသုံးပြုတာကို သဘောလည်း မတူပါဘူး။ ရီဘာရီနဲ့ သူ့ရဲ့မိသားစုက သူတို့ကို ထိခိုက်မှုအတွက် အနည်းဆုံး ကန်ဒေါ်လာ ၁.၅ သန်း ရရှိအောင် ပြင်သစ်တရားရုံးမှာ တရားစွဲဖို့ ကျွန်တော့်ကို ညွှန်ကြားခဲ့ပါတယ်” ဟု ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင် ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.