သြဂုတ်လ၊ ၉ ရက်၊ ၂၀၁၂
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ပဋိပက္ခမှာ ဒုက္ခရောက်သူတွေအတွက် အထောက်အပံ့ပစ္စည်းတွေ တူရကီနိုင်ငံခြားရေး ၀န်ကြီး Ahmet Davutoglu နဲ့ အတူ မြန်မာနိုင်ငံကို မနေ့က ဆိုက်ရောက်တယ်လို့ တူရကီသတင်းဌာန Hürriyet Daily News မှာ ရေးပါတယ်။

မွတ်ဆလင်နိုင်ငံတခုဖြစ်တဲ့ တူရကီရဲ့ အကူအညီဟာ မြန်မာအစိုးရဘက်က နိုင်ငံရပ်ခြားက ပေးအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့ကို ပထမဆုံး လက်ခံတာ ဖြစ်ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ဆေးဝါးအထောက်အပံ့နဲ့ လှုဒါန်းငွေတွေကို ဒီပဋိပက္ခကြောင့် ပြောင်းရွှေ့ခိုလှုံနေကြတဲ့ မွတ်ဆလင် ၅ သောင်းကျော်နဲ့ ဗုဒ်ဓဘာသာဝင် ၂ သောင်းကျော်ကို လှုဒါန်းမှာလို့ သတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို လေ့လာဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ မထွက်ခွာခင်မှာ သူက တူရကီနိုင်ငံဟာ လူတွေ သေကြေပျက်စီးစေတဲ့ ဘာသာရေးအကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အငြင်းပွားဖွယ် သတင်းအချက်အလက်တွေကို ရရှိခဲ့တယ်လို့ ပြောဆိုပါတယ်။
အစိုးရဘက်က လူ ၁၀၀ ၀န်းကျင်သေဆုံးတယ် လို့ ပြောပေမယ့် သူနဲ့ အဆက်သွယ်ရတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ခေါင်းဆောင်တွေ ပြောတာက ထောင်ချီ သေဆုံးနေ တယ်လို့ တူရကီနိုင်ငံ အင်ကာရာလေဆိပ်မှာ သတင်းထောက်တွေကို ၀န်ကြီးက ပြောပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ အခြေအနေကို အခင်းဖြစ်တဲ့ အောက်ခြေ နေရာတွေမှာ လွတ်လွတ်လပ်လပ် လေ့လာ စုံစမ်းမှာ ဖြစ်ပေမယ့် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကူအညီတွေ အချိန်မီရောက်ရှိရေး သေချာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံကလည်း ရိုဟင်ဂျာ မွတ်ဆလင်တွေကို အထောက်အပံ့ပေးဖို့ကိစ္စ စဉ်းစားနေတယ်လို့ အာဆီယံ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။
Leave a Reply
You must be logged in to post a comment.