ဒီဇင်ဘာ ၄၊ ၂၀၁၅
M-Media
– နှစ်ပေါင်း ၂၀ အတွင်း လူပေါင်း သန်းဝက်ခန့် သေဆုံးခဲ့ရသော မုန်တိုင်း၊ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှု စသည့် သဘာဝဘေးအန္တရာယ်များကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် နိုင်ငံများမှာ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့ ဖြစ်ကြသည်ဟု ရာသီဥတု ပညာရှင်များက ပြောကြားလိုက်သည်။
Germanwatch အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၁၆ ကမ္ဘာ့ရာသီဥတုအန္တရာယ် အညွှန်းကိန်းတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာကြီး အပူလွန်ကဲလာမှုကို မလျှော့ချနိုင်ပါက ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ပိုမို ရင်ဆိုင်ရမည်ဟုလည်း ထိုအဖွဲ့က သတိပေးခဲ့သည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့မှာ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များကို အခံရဆုံး နိုင်ငံများဖြစ်ခဲ့ပြီး ၎င်းတို့နောက်တွင် ဖိလစ်ပိုင်၊ နီဂါရာကွာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွာတီမာလာတို့က အသီးသီး ရှိနေကြသည်။
ထိုကဲ့သို့ ရာသီဥတုဆိုးဝါးမှုမှ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များမှာ နှစ် ၂၀ ကာလအတွင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး လူပေါင်း ၅၂၅၀၀၀ ကျော်ကို သေဆုံးစေခဲ့သည်။ ထိုအစီရင်ခံစာတွင် ဘေးအန္တရာယ်ကို တိုက်ရိုက်ထိခိုက်ခံစားရမှုများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အပူလှိုင်များကြောင့် ဖြစ်လာသော မိုးခေါင်မှု၊ စားနပ်ရိက္ခာရှားပါးမှုတို့ကဲ့သို့ သွယ်ဝိုက်ထိခိုက်ခံစားရမှုများမှာလည်း ပိုမိုဆိုးဝါးနိုင်သည်။
Germanwatch အဖွဲ့၏ သိပ္ပံပညာရှင်များကမူ လူသားများအနေဖြင့် ကာဘွန်ထုတ်လွှတ်ခြင်းကို မလျှော့ချနိုင်ပါက မုန်တိုင်း၊ ရေကြီးမှု၊ မိုးခေါင်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ပိုမိုကြုံတွေ့ရနိုင်သည်ဟုလည်း ထောက်ပြခဲ့သည်။
Ref: ABC
Leave a Reply
You must be logged in to post a comment.