ဒီဇင်ဘာ ၁၂၊ ၂၀၁၅
M-Media
– အသင်းရှိတိုက်စစ်မှူး လူကာကူအား မိမိအနေဖြင့် အနားပေးရန် အစီအစဉ်မရှိဘဲ ၎င်း၏ အသက်အရွယ်မှာ ၁၂ နာရီခန့် အနားယူရန်သာ လိုအပ်သည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။
အသက် ၂၂ နှစ်အရွယ် လူကာကူမှာ ယခုရာသီ အဲဗာတန်အသင်း ကစားသည့်ပွဲစဉ် ၁၉ ပွဲစလုံးတွင် ပါဝင်ထားပြီး ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ ပွဲ ၁၀၀ မြောက်တွင် အသင်းအတွက် ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့သည်။ လူကာကူအား ပွဲစဉ်တိုင်းတွင် ထည့်သွင်းကစားသည့်အတွက် ဝေဖန်မှုများရှိနေပြီး မာတီနက်ဇ်ကမူ တုန့်ပြန်ပြောဆိုခဲ့သည်။
“အသက် ၂၂ နှစ်ဆိုတဲ့အရွယ်မှာ ဘောလုံးကစားရတာကို ပျော်နေရမှာပါ။ နောက်တစ်ပွဲကစားဖို့ မစောင့်နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်နေရမှာပါ။ သေချာဂရုစိုက်ဖို့လိုတဲ့ ကစားသမားတွေက ၂၈၊ ၂၉၊ ၃၀ ၀န်းကျင် ကစားသမားတွေပါ။ ကျွန်တော်တို့မှာ အဲဒီအသက်အရွယ်ကစားသမား အနည်းငယ်ရှိပါတယ်။ သူတို့ရဲ့ အနားယူချိန်ကို တော်တော်လေး ဂရုတစ်စိုက် စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အသက် ၂၁နှစ်၊ ၂၂ နှစ်အရွယ် ကစားသမားတွေကတော့ ပွဲကစားနိုင်ဖို့ ၁၂ နာရီလောက်သာ နားချိန်လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့မှာ စွမ်းအင်တွေပြည့်ဝနေလို့ပါ” ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.