ဒီဇင်ဘာ ၁၉၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက ဂုဏ်သိက္ခာအား အလွန်အမင်း ထိခိုက်မည်ဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
မန်ယူမှာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရှိသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဗန်ဂါးလ်၏ အနာဂတ်အတွက် မေးခွန်းများလည်း မြင့်တက်လာခဲ့သည်။
“အသင်းက ကျွန်တော့်ကို့ ထုတ်ပယ်တာမျိုးနဲ့တော့ ကျွန်တော့်နည်းပြအလုပ်ကို အဆုံးမသတ်ချင်ပါဘူး။ အထုတ်ခံရပြီးမှ ဘောလုံးလောကကိုနှုတ်ဆက်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေး စိတ်ပျက်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ မီဒီယာတွေ၊ အသင်းပရိတ်သတ်တွေရဲ့ ဖိအားထက် ကျွန်တော့်ဂုဏ်သိက္ခာကရှိတဲ့ ဖိအားဟာ ကျွန်တော့်အတွက် ပိုများတယ်လို့ ထင်ပါတယ်” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အားကစားမီဒီယာတစ်ခုဖြစ်သည့် ESPN ကလည်း မော်ရင်ဟိုမှာ မန်ယူအား နည်းပြချင်နေသည်ဟု ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ချယ်ဆီးမှ ကြာသာပတေးနေ့တွင် အထုတ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အန်ဆယ်လော့တီ၊ ဂွာဒီယိုလာတို့နှင့်အတူ ဗန်ဂါးလ်၏နေရာကို အစားထိုးရန် ရေးပန်းစားလာခဲ့သည်။
ထို့ပြင် ၎င်း၏ အေးဂျင့်မှာ မန်ယူနှင့်ပင် ဆွေနွေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ESPN ကမူ မော်ရင်ဟိုမှာ လာမည့်ရာသီအတွက် မန်ယူမှ ခိုင်မာသည့် ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး၊ မော်ရင်ဟို၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရကြောင်း အေးဂျင့်ဖြစ်သူမှတစ်ဆင့် သိရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.