ဒီဇင်ဘာ ၂၁၊ ၂၀၁၅
M-Media
– ဘာစီလိုနာအသင်း၏ အောင်မြင်မှုမှာ အ၀တ်လဲခန်းအတွင်း အသင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့်ဟု တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ယမန်နေ့ ကလပ်အသင်းများကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးနောက် ပြောကြားလိုက်ပြီး အသင်းသားများကိုလည်း ချီးကျူးခဲ့သည်။
ရေးဗားပလိတ်နှင့်ကစားခဲ့သည့် ထိုပွဲတွင် ဘာစီလိုနာမှာ ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ကာ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆွာရက်ဇ်က ၂ ဂိုး၊ မက်ဆီက ၁ ဂိုး သွင်းယူပေးခဲ့သည်။ မက်ဆီမှာ ထိုဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“တစ်နှစ်ထဲမှာ ဖလားငါးလုံး ရအောင်ယူနိုင်တာ သိပ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပြီးတော့ အရမ်းလည်း အထင်ကြီးစရာဖြစ်သလို၊ ဒီလိုအောင်မြင်မှုရတာလည်း အရမ်းထူးခြားပါတယ်။ ဒါ့ကြောင့် နှစ်တစ်နှစ်ကို ဒီလိုအဆုံးသတ်ရတာဟာ သိပ်ကို လှပပါတယ်ဗျာ” ဟု မက်ဆီက ဆိုသည်။
အသင်းနှင့်ပတ်သက်၍လည်း ၎င်းက “အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ဟာ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ ကျွန်တော်တို့ အတူတွဲကစားလာတာဟာ တော်တော့်ကိုကြာနေပြီး ဒါကလည်း ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဒီလို ရင်းနှီးမှုကြောင့်ပဲ ကျွန်တော်တို့အသင်းဟာ ပိုပြီး တောင့်တင်းလာတာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.