ဇန်န၀ါရီ ၈၊ ၂၀၁၆
M-Media
– ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး ပီယာရီ-အီမီရစ် အူဘာမီယန်မှာ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ယာယာတိုးယေးအား ကျော်ဖြတ်၍ ရရှိခဲ့သည်ဟု သိရသည်။
ဒေါ့မွန်အသင်း၏ အားထားရသည့် တိုက်စစ်မှူး အူဘာမီယန်မှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အာဖရိက ဘောလုံးထူးချွန်ဆုပေးပွဲတွင် မဲအရေအတွက် ၁၄၃ မဲဖြင့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယာယာတိုးယေးမှာမူ ၁၃၆ မဲသာ ရရှိခဲ့သည်။
ထို့ကြောင့် အူဘာမီယန်မှာ အလယ်အာဖရိက နိုင်ငံဖြစ်သော ဂါဘွန်မှ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။
အူဘာမီယန်မှာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဘွန်ဒစ်လီဂါ၌ ၂၉ ဂိုး သွင်းယူခဲ့ပြီး၊ ယခုရာသီတွင် ဘွန်ဒစ်လီဂါ၌ ၁၈ ဂိုး ယူရိုပါလိဂ်၌ ၇ ဂိုး သွင်းယူပေးထားသည်။ ၁၉၇၀ က စတင်ချီးမြှင့်ခဲ့သည့် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသူများတွင် အူဘာမီယန်မှာ ပထမဆုံး ဘွန်ဒစ်လီဂါအခြေစိုက် ကစားသမားဖြစ်ခဲ့သည်။
“ဂါဘွန်ပြည်သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ သူတို့အတွက်ပါပဲ။ လက်ရွေးအသင်းနဲ့ ဒေါ့မွန်အသင်းက အသင်းဖော်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းနိုင်တာဟာ သူတို့ရဲ့ ကူညီမှုကြောင့်ပါ။ အာဖရိက က လူငယ်တွေရဲ့ မိဘတွေအတွက် ကျွန်တော်ပြောချင်တာကတော့ ခင်ဗျားတို့ ကလေးတွေကို သူတို့ရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ခွင့် ပေးလိုက်ပါ ဆိုတာပါပဲ” ဟု အူဘာမီယန်က ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.