ဇန်န၀ါရီ ၈၊ ၂၀၁၆
M-Media
– ဇန်န၀ါရီ ၈ ရက် သောကြာနေ့ မွန်းတည့်ချိန်မှစတင်ကာ မြောက်ကိုးရီးယားနယ်စပ်၌ အသံချဲ့စက်များဖြင့် ၀ါဒဖြန့်ချီရေးအသံလှိုင်းများ ထုတ်လွှင့်မှု ပြန်လည်စတင်မည်ဖြစ်ကြောင်း တောင်ကိုးရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။
သမ္မတရုံး လုံခြုံရေးဌာနမှ ပထမ လက်ထောက်အကြီးအကဲ ချိုတေးယုံက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအကျဉ်းချုပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ၀ါဒဖြန့်ချီမှုကို မြောက်ကိုရီးယားက တိုက်ရိုက်စစ်ကြေငြာခြင်းဖြစ်သည်ဟု သမုတ်ထားသည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ လျှော့ချရန် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား စစ်ရေးအကြံပေးထိပ်တန်းအဆင့် ဆွေးနွေးမှုများကို ပြုလုပ်ပြီး သဘောတူညီချက် ရယူခဲ့သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်းတွင် တောင်ကိုရီးယားစစ်တပ်က အသံလှိုင်းလွှင့်ခြင်းကို ရပ်တန့်ခဲ့သည်။
မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်အောင်မြင်ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာပြီးနောက်ပိုင်းမှ ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများကို ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၃ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား၏ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခြင်းသည် တောင်ကိုရီးယားနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အထပ်ထပ်အခါခါ သတိပေးချက်ကို မထီမဲ့မြင်ပြုရာ ရောက်သည်ဟု ချိုတေးယုံက ဆိုသည်။
အဆိုပါနျူကလီးယားစမ်းသပ်မှုမှာ သြဂုတ် ၂၅ ရက် သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး စာချုပ်အရ ၀ါဒဖြန့်အသံလှိုင်းထုတ်လွှင့်မှုများ ပြန်လည်စတင်တော့မည်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ၀ါဒဖြန့်အသံလှိုင်းထုတ်လွှင့်မှုကို ၂၀၁၅ သြဂုတ်တွင် ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့တွင် တောင်ကိုရီးယားရှေ့တန်းတပ်ဖွဲ့၏ ကင်းလှည့် တပ်သားနှစ်ယောက်မှာ မြောက်ကိုရီးယားထောင်ထားသည့် မြေမြှုပ်မိုင်းများ နင်းမိ၍ အကြီးအကျယ် ထိခိုက်ခံခဲ့ ရသည့်အတွက် လက်စားချေသည့်အနေဖြင့် ၀ါဒဖြန့်အသံလှိုင်းများ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုးရီး ယားကမူ အဆိုပါ မြေမြုပ်မိုင်းကိစ္စကို ငြင်းဆိုထားသည်။
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံမှာ သြဂုတ် ၂၅ သဘောတူညီမှုအရ တင်းမာမှုများအနည်းငယ် လျော့ကျခဲ့ပြီး ယခုတစ်ဖန် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာပြီး နှစ်ဖက်တပ်များကို အမြင့်ဆုံးတပ်လှန့်ထားခဲ့ကြသည်။
ကျွမ်းကျင်သူများကမူ အသံလှိုင်းပြန်လည်ထုတ်လွှင့်မှုပြုလျှင် သြဂုတ်လတွင် မြင်တွေ့ခဲ့ရသကဲ့သို့ ကိုရီးယားကျွန်းဆွယ်ကို အန္တရာယ်ကြီးသည့် လက်နက်ကိုင်ပဋိပက္ခများဆီသို့ တွန်းပို့လိုက်ရာရောက်မည်ဟု သတိပေးထားသည်။
Ref : xinhua
Leave a Reply
You must be logged in to post a comment.