ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media
– ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှ ဘာစီလိုနာသို့ပြောင်းရွှေ့စဉ် မသမာမှုများနှင့်ပတ်သက်၍ တရားရင်ဆိုင်ရန်အတွက် စပိန်တရားရုံးက နေးမာအား ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။
၎င်းအားတရားစွဲဆိုထားသည့် လိမ်လည်မှုနှင့် ခြစားမှုစွဲချက်များအတွက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လာရောက်ရင်ဆိုင်ရန် တရားသူကြီး ဂျိုဆေး ဒီ ဘာ မာတာက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် ဘာတိုမြူကိုလည်း ထိုကြားနာမှုသို့ တက်ရောက်ရန် တရားရုံးက ဆင့်ခေါ်ခဲ့သည်။
၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် နေးမာ၏ အပြောင်းအရွှေ့တွင် မိမိတို့က ငွေကြေး ပိုမိုရသင့်သည်ဟု ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း DIS က တိုင်ကြားခဲ့ပြီးနောက်ပိုင်း စပိန်တရားရုံးက ထိုကိစ္စကို စုံစမ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ နေးမာ ဆန်းတို့စ်ကစားသမားအဖြစ် ရှိနေစဉ်အတွင်း DIS က ပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်း ရှိခဲ့သော်လည် အပြောင်း အရွှေ့တွင် မျှမျှတတ ရရှိခဲ့ခြင်းမရှိဟု ဆိုသည်။
တရားရုံးမှ ယခင် စုံစမ်းစစ်ဆေးမှုအတွင်း ဘာစီလိုနာမှာ နေးမာအားခေါ်ယူမှုအတွက် ယူရို ၈၃ သန်း ပေးချေခဲ့သည်ဟု တွေ့ရှိခဲ့ရပြီး ဘာကာက ထုတ်ပြန်ခဲ့သည့် ပမာဏထက် အဆမတန် များပြားနေသည်။ DIS ကမူ ယူရို ၁၇ သန်း၏ ၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.