ဇန်န၀ါရီ ၁၄၊ ၂၀၁၆
M-Media
– မွတ်စလင်များအား စော်ကားခြင်းမှာ မှားယွင်းသောကိစ္စဖြစ်သည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ၎င်း၏ နောက်ဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ပြည်သူများ၏ လူမျိုး၊ ဘာသာတရားတို့ကို ပစ်မှတ်ထားသော နိုင်ငံရေးကို လက်မခံရန် အမေရိကန်ပြည်သူများကို တိုက်တွန်းခဲ့သည်။
“နိုင်ငံရေးသမားတွေဟာ နိုင်ငံရပ်ခြား ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံသား မွတ်စလင်တွေကို စော်ကားပြောဆိုတာဟာ လုံးဝ မှားယွင်းပါတယ်။ ကမ္ဘာ့ရဲ့အမြင်မှာ ကျွန်တော်တို့ကို အထင်သေးစေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့လည်း ခက်ခဲစေပါတယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖြစ်တည်မှုကိုလည်း သစ္စာဖောက်ရာ ကျပါတယ်” ဟု ယမန်နေ့မိန့်ခွန်း၌ အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ်တွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဒေါ်နယ်ထရမ့်မှာ မက္ကဆီကိုနွယ်ဖွားများ၊ လူမည်းများ၊ ပြောင်းရွှေ့အခြေချ နေထိုင်သူများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များအပေါ် စော်ကားသည့် မှတ်ချက်အမျိုးအမျိုးကို ပေးခဲ့ပြီး ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်း အချို့ကလည်း ထရမ့်၏ ပြောစကားအချိုကကို သံယောင်လိုက်ခဲ့သည်။
အိုဘားမားက ယခုကဲ့သို့ ပြောဆိုမှုအပြီးတွင် ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီဝင်များအားလုံး မတ်တပ်ရပ်၍ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြသည်။ အိုဘားမာကမူ ကမ္ဘာကြီးက မိမိတို့အား လေးစာခြင်းမှာ စစ်အင်အားကြောင့်မဟုတ်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ စစ်အင်အားကြောင့် ကမ္ဘာကြီးက ကျွန်တော်တို့ကို လေးစားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မတူကွဲပြားစွာညီညွတ်မှု၊ ကျွန်တော်တို့ရဲ့ ပွင့်လင်းမှုနဲ့ ဘာသာတရားတိုင်းကို ကျွန်တော်တို့ရဲ့ လေးစားမှုတွေကြောင့် ကျွန်တော်တို့အပေါ် လေးစားကြတာဖြစ်ပါတယ်”
ပြီးခဲ့သည့်နှစ်က ပုပ်ရဟန်မင်းကြီး ဖရန်စစ် ကွန်ဂရက်တွင် ပြောကြားခဲ့သော “မင်းဆိုးမင်းညစ်များနှင့် လူသတ်သမားများက အသုံးပြုသော အမုန်းတရားနှင့် အကြမ်းဖက်တိုက်ခိုက်မှုကိုတို့ အတုယူခြင်းမှာ ၎င်းတို့၏ နေရာကို ၀င်ယူခြင်းသာဖြစ်သည်” ဟူသော မှတ်ချက်ကိုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့ကာ၊ IS ကဲ့သို့ အကြမ်းဖက်အဖွဲ့များက ဖြစ်စေချင်သည့် လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုကို မိမိတို့က လိုက်လံ ဆောက်ရွက်၍ မဖြစ်ဟု ထည်သွင်းပြောကြားခဲ့သည်။
Ref: The Guardian
Leave a Reply
You must be logged in to post a comment.