ဇန်န၀ါရီ ၂၃၊ ၂၀၁၆
M-Media
– အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာမှာ ကူညီပံ့ပိုးပေးတဲ့အတွက် ဗြိတိန်မွတ်စလင်တွေကို နာမည်ကျော် စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့က ချီးကျူးလိုက်ပြီး၊ အစွန်းရောက်အတွေးအခေါ်တွေကြောင့် ပြုလုပ်မယ့် တိုက်ခိုက်မှုတွေကို လူ့အဖွဲ့စည်းတွေရဲ့ အကူအညီတွေရမှ တားဆီးနိုင်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲ ရဲချုပ် ရစ်ချတ် ဝေါလ်တန်က ကလေးတွေက အိမ်ထဲမှာ ပြောဆိုနေကြတဲ့ အရေးကိစ္စတွေနဲ့ပက်သက်လို့ မိဘတွေဆီက ဒါမှမဟုတ်၊ မွတ်စလင်လူငယ်တွေဆီကနေ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့မှာ နှစ် ၃၀ ကြာအလုပ်လုပ်ပြီးနောက် အငြိမ်းစားယူခဲ့တဲ့ ရဲချုပ်ဝေါလ်တန်က အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“မွတ်စလင်အဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့တွေ အများကြီး ရခဲ့ပါတယ်၊ လူငယ်မွတ်စလင်တွေ တော်တော်များများဟာ အကူအညီပေးဖို့ ရောက်လာလေ့ရှိပြီး မွတ်စလင်ခေါင်းဆောင်တွေကလည်း အစွန်းရောက်သမားတွေကို ငြင်းပယ်ရှုတ်ချကာ ကျွန်တော်တို့နဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ထားရှိတဲ့ ဖုန်းလိုင်းကနေတဆင့် မွတ်စလင်မိသားစုတွေက ဖုန်းဆက်ပြောကြတာတွေရှိပါတယ်၊ သူတို့ကလေးတွေ အိမ်မှာ လာပြောနေကြတဲ့ ကိစ္စတွေနဲ့ပက်သက်ပြီး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကို စောစော ဆက်သွယ်လာတဲ့အတွက် ကျွန်တော်တို့ အချိန်မီတားဆီးနိုင်ခဲ့ပါတယ်” လို့ ဝေါလ်တန်က ပြောကြားခဲ့ပါတယ်။
သူက အကြမ်းဖက်မှုမရှိဘဲနေဖို့ဆိုတာ လူထုရဲ့ ပံ့ပိုးပေးမှုလိုအပ်ကြောင်း၊ တိုင်းသူပြည်သားတစ်ဦးချင်းဆီတိုင်းက တိုင်းပြည်ကို ဘေးအန္တရာယ်ကင်းစေဖို့ ကူညီနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှာ လုပ်ကိုင်ခဲ့တဲ့ ဝေါလ်တန်က ယမန်နှစ်က ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တဲ့အခါ လန်ဒန်က ရဲအရာရှိတွေဟာ အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် နေ့ရောညပါ တာဝန်ယူလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်ရဲ့ ကွာခြားချက်တစ်ခုက အင်္ဂလန်ရဲတွေဟာ ပြည်သူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုကို ကာကွယ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စာသင်ကျောင်းက တာဝန်ရှိသူတွောလည်း အကြမ်းဖက်ဝါဒကို အမြစ်တွယ်မလာဖို့ တားဆီးပေးခဲ့တယ်လို့ ဝေါလ်တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.