ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media
– မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ သားဖြစ်သူဟာ ပြည်နယ်ဝန်ကြီးချုပ်နေရာကနေ နှုတ်ထွက်သွားခဲ့ပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က သူနဲ့ ပုခုံးချင်းယှဉ်မယ့် ပြိုင်ဘက်ကို ရှင်းလင်းတာ ဖြစ်မယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ရှုမြင်နေကြပါတယ်။
ကဒါဟ်ပြည်နယ် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၁ နှစ်အရွယ် မုခ်ရစ်ဇ် မုခ်ရစ်ဇ်ဖြစ်ပြီး အာဏာရ UMNO ပါတီရဲ့ ဖိအားပေးမှုကြောင့် ယမန်နေ့က ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ မလေးရှားမီဒီယာတွေကဖော်ပြကြပါတယ်။
မုခ်ရစ်ဇ်ဟာ အနာဂတ် မလေးရှား ၀န်ကြီးချုပ်နေရာအတွက် လျာထားခံရသူတစ်ယောက် ဖြစ်ပေမယ့် ငွေကြေးခြစားမှု ပြဿနာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နာဂျစ်ကို မဟာသီယာက ဝေဖန်ခဲ့ပြီး ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုခဲ့တာကြောင့် မုခ်ရစ်ဇ်ရဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အခွင့်အလမ်းကို ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ 1Malaysia Development ကနေ ဒေါ်လာ လေးဘီလီယံလောက် ပျောက်ဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပြဿနာအတွက် မလေးရှားအစိုးရဟာ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။
အဲဒီလုပ်ငန်းကို ၂၀၀၉ ခုနှစ်မှာ နာဂျစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းမှာ အမေရိကန် ဒေါ်လာ ၆၈၁ သန်းလောက် ရှိနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာပြီးတဲ့နောက် နာဂျစ်ကိုယ်တိုင် ထိုပြဿနာမှာ ပါဝင်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း မဟာသီကတော့ နာဂျစ်ဘ်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးပြီး အမှုရင်ဆိုင်ဖို့တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လက မလေးရှား ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက နာဂျစ်အပါ် စွပ်စွဲထားမှုများကို ချေဖျက်ခဲ့ပြီး အဲဒီပိုက်ဆံတွေဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ သီးသန့်အလှူငွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ နာဂျစ်က ဒုတိယ၀န်ကြီးချုပ်နဲ့ ရှေ့နေချုပ်တို့လို သူ့ကို ဝေဖန်သူတွေကို ထုတ်ပယ်တာမျိုးလုပ်ပြီး ကတ်ဘိနက်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
Ref: presstv
Leave a Reply
You must be logged in to post a comment.