ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
M-Media
– MH370 လေယာဉ်မှာပျောက်ဆုံးမှုမှာ ပါသွားတဲ့ တရုတ်ခရီးသည်တစ်ဦးရဲ့ မိသားစုဝင်နှစ်ယောက်ဟာ မလေးရှား လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တယ်လို့ ဘေဂျင်းတရားရုံးက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမှုကို ဘေဂျင်းရထားပို့ဆောင်ရေးတရားရုံးမှာ အောင်မြင်စွာ စာရင်းသွင်းခဲ့တယ်လို့ တရားရုံးရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ကြေငြာခဲ့ပြီး၊ တရားစွဲဆိုမှုမှာ မွန်ထရီယဲလ် သဘောတူညီချက်နဲ့ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်ကာ ယွမ် ၄.၇ သန်း (ကန်ဒေါ်လာ ၇၁၉၀၀၀) နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။
လေယာဉ်မတော်တဆမှုဖြစ်ပြီး တစ်နှစ်ကြာ ၂၀၁၅ မတ်လ ၈ ရက်နေ့မှသာလျှင် လေယာဉ်ပျက်ကျခဲ့မှုကို မိသားစုဝင်တွေကို အသိပေးခဲ့တယ်လို့ တရားလိုက ထွက်ဆိုထားကြောင်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ် မတ်လက ကွာလာလမ်ပူကနေ ဘေဂျင်းအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ MH370 လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး အဲဒီအထဲက ၁၅၀ လောက်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းထဲ လမ်းကြောင်းပြောင်းကာ ထိုးကျပျက်စီးသွားတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ပျက်စီးခဲ့တဲ့ နေရာရော အကြောင်းရင်းပါ အတည်မပြုနိုင်သေးပါဘူး။
နိုင်ငံတကာ သဘောတူညီချက်တွေအရ မိသားစုဝင်တွေအနေနဲ့ လေကြောင်း မတော်တဆမှုတွေအတွက် တရားစွဲဆိုနိုင်တဲ့ကာလဟာ ၂ နှစ် ရှိနေပြီး အခု MH370 လေယာဉ်ပျက်ကျမှုအတွက် အမေရိကန်၊ မလေးရှား၊ သြစတေးလျက ဥပဒေအဖွဲ့အစည်းတွေဟာ လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ ဆွေးမျိုးသားချင်းတွေကိုယ်စား တရားစွဲဆိုဖို့ ဆောင်ရွက်နေပါတယ်။
အဲဒီလေယာဉ်ပျောက်ဆုံးမှုမှာ ပါဝင်သွားသူ တရုတ်နိုင်ငံသားတွေအတွက် အရပ်ဖက်ဆိုင်ရာ တရားစွဲဆိုမှုအားလုံးကို ကိုင်တွယ်ဖို့အတွက် ဘေဂျင်းတရားရုံးချုပ်က ရထားပို့ဆောင်ရေး တရားရုံးကို တာဝန်လွှဲအပ်ထားပါတယ်။
Arab News
Leave a Reply
You must be logged in to post a comment.