News @ M-Media

ချန်ပီယံလိဂ်တွင် မဖြစ်နိုင်သည်ကို လုပ်ပြရန် အသင်းကို တောင်းဆိုထားသည်ဟု ရိုးမားနည်းပြပြော

မတ် ၈၊ ၂၀၁၆
M-Media

roma

– ရီးယဲလ်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့တွင် မဖြစ်နိုင်သည့်အရာများကို လုပ်ပြရန်အတွက် အသင်းအား တောင်းဆိုထားသည်ဟု ရိုးမားနည်းပြ လူစီယာနို စပယ်လက်တီက ပြောကြားလိုက်သည်။

စီးရီးအေတွင် ပုံစံကောင်းများ ပြသနေသည့် ရိုးမားမှာ ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ အိမ်ကွင်းတွင် ရီးယဲလ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို ယနေ့ညတွင် ကစားရမည်ဖြစ်သည်။ စပယ်လက်တီကမူ ကစားသမားများအနေဖြင့် နောက်တစ်ဆင့်တက်ရေး မဖြစ်နိုင်ဟူသော ပြောစကားများကို ပုံစံကောင်းပြသ၍ ဖယ်ရှားပစ်ရန် ပြောကြားထားသည်ဟု ဆိုသည်။

“မဖြစ်နိုင်တာတွေလုပ်ပြဖို့ အသင်းကို ကျွန်တော် တောင်းဆိုထားပါတယ်။ လေ့ကျင့်ကွင်းမှာလည်း ဒီမေးခွန်းအတွက် မေးမြန်းဖို့ ကျွန်တော် ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတာမျိုး ဖြစ်လို့မရသလို၊ ရှုံးလို့လည်း မရပါဘူး။ တကယ်လို့များ တစ်ယောက်ယောက် ဒီလိုဖြစ်မယ်ဆိုရင် လေ့ကျင့်လို့ကို ရမှာမဟုတ်ပါဘူး။ ပထမအကျော့က ရလဒ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ဟာ တိုက်စစ်ဆင်ရမှာလား၊ ဒါမှမဟုတ် ခံစစ်ကစားရမလားဆိုတာ ရွေးချယ်ရမှာပါ” ဟု စပယ်လက်တီက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply