News @ M-Media

မိမိ ပါတီသမ္မတလောင်း မဖြစ်ပါက အဓိကရုဏ်းဖြစ်မည်ဟု ထရမ့်ခြိမ်းခြောက်

မတ် ၁၈၊ ၂၀၁၆
M-Media

trump

– မိမိအား ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် မရွေးချယ်ပါလျှင် မိမိကိုထောက်ခံသူများက အဓိကရုဏ်း ဖန်တီးနိုင်သည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ဖြစ်သည်။ ဒေါ်နယ်ထရမ့်မှာ လက်ရှိပြုလုပ်နေသည့် ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဆက်တိုက် အနိုင်ရလျက်ရှိသော်လည်း သတ်မှတ်ထားသည့် မဲအရေအတွက် မပြည့်သည့်အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ယခုနှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ရွေးချယ်ရန် လာမည့်ဇူလိုင်လတွင် ကလိဗ်လန်း၌ ပြုလုပ်မည့် ရီပက်ဘလစ်ကန် ပါတီညီလာခံတွင် ထရမ့်အားကျော်၍ အခြားတစ်ဦးကို ရွေးချယ်နိုင်ဖွယ်ရှိနေသည်။

“အေးအေးဆေးဆေး ဖြစ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ အဓိကရုဏ်းတွေ ဖြစ်မှာပါ။ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က လူသန်းပေါင်းများစွာကို ကိုယ်စားပြုသူပါ။ တကယ်လို့ ဒီလူတွေကို ခင်ဗျားက အလေးမထားဘူးဆိုရင် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပြဿနာမျိုတွေကို သူတို့က ပြုလုပ်ပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဗြိတိန် သုတေသန အဖွဲ့တစ်ခုဖြစ်သော Economist Intelligence Unit ကမူ ထရမ့်မှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက အမေရိကန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးတို့ ထိခိုက်မည်ဖြစ်ကာ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ဖြစ်မည်ဟု သတိပေးခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply