မတ် ၂၂၊ ၂၀၁၆
M-Media
– မြန်မာအစိုးရမှာ ရိုဟင်ဂျာများကို ငြှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသော်လည်း ထိုအပြုအမူများက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် မှတ်ယူ၍မရဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ကြေငြာလိုက်သည်။
“သူတို့တွေဟာ ငြှင်းပမ်းနှိပ်စက်မှုကို ခံနေရတယ်ဆိုတာ မေးစရာမလိုပေမယ့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်လို့ ကျွန်တော်တို့ မသတ်မှတ်ပါဘူး” ဟု အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကီရ်ဘီက ပြောကြားခဲ့သည်။
ကွန်ဂရက်တို့ တင်သွင်းသော အစီရင်ခံစာတွင် ရိုဟင်ဂျာများအပေါ် ငြှင်းပမ်းမှုများအတွက် အမေရိကန်အစိုးရက အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဆင်းရဲမွဲတေမှုနှင့် နှိပ်စက်မှုများကို ဆက်လက် ခံစားနေရသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြပြီး အချို့က လူမျိုးတုံးသတ်ဖြတ်မှုအတွက် ထင်ရှားသည့် အထောက်အထားများ ရှိနေသည်ဟုပင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်လက်ထက်တွင် ရိုဟင်ဂျာများ၏ အခြေအနေများမှာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ ထိုင်းနှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများ ထွက်ပြေးမှု လျော့ကျသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
အမေရိကန်ကွန်ဂရက်မှာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအစွန်းရောက်များက ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ရှိ၊ မရှိကို အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းကာ ကွန်ဂရက်သို့ အစီရင်ခံစာတင်သွင်းရန် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား ညွှန်ကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်မစ်အစွန်းရောက်များက ခရစ်ယာန်နှင့် ဘာသာရေးအုပ်စုများအား ကျူးလွန်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်၍ ရ၊ မရ အစီရင်ခံစာ ပေးပို့ရန်လည်း ပါဝင်ခဲ့ပြီး အစီရင်ခံစာ တင်သွင်းရမည့် နောက်ဆုံးရက်ကို မတ်လ ၁၇ ရက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
ဂျွန်ကယ်ရီမှ တင်သွင်းသော အစီရင်ခံစာတွင် IS အဖွဲ့မှာ ခရစ်ယာန်များ၊ ယာဇီဒီများနှင့် ရှီယိုက်မွတ်စလင်များကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထည့်သွင်းဖော်ပြထားသည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.