ဧပြီ ၃၊ ၂၀၁၆
M-Media
– လီဗာပူးလ်အသင်းနှင့်ပွဲတွင် မိမိတို့မှာ ကစားပုံကောင်းခဲ့ပြီး အမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲတွင် ဖိလစ်ကော်တင်ဟိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဟယ်ရီကိန်းက စပါးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသရေရလဒ်က ထိပ်ဆုံးမှ လက်စတာကို အမှီလိုက်နေသည့် စပါးအတွက် အထိနာခဲ့ပြီး လက်စတာက ယနေ့ကစားမည့် ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရပါက ၇ မှတ် ကွာဟမည်ဖြစ်သည်။
ပိုချက်တီနိုကမူ ထိုရလဒ်အတွက် စိတ်ပျက်နေသည်။
“ပွဲအပြီးမှာတော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံးခဲ့တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ကျွန်တော် တော်တော်လေး ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ သူမသာကိုယ်မသာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ လီဗာပူးလ်လည်း အခွင့်အရေးတွေ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ တော်တော်ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.