ဧပြီ ၂၁၊ ၂၀၁၆
M-Media
– အမေရိကန်တွင် ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ လူမည်းအမျိုးသမီး ဟာရီယတ် တူဘ်မန်၏ ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင် ထည့်သွင်းသွားမည်ဟု အမေရိကန် ငွေတိုက်ဌာနက ယမန်နေ့တွင် ကြေငြာလိုက်ပြီး၊ အမေရိကန် ငွေစက္ကူများတွင် ပါဝင်ခွင့်ရသည့် ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်လာမည်ဖြစ်သည်။
တူဘ်မန်မှာ ၁၈၂၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျွန်ရာပေါင်းများစွာကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ သူမ၏ ဓာတ်ပုံအား ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ အရှေ့ဖက်တွင် ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိ ပါဝင်နေသော ကျွန်ပိုင်ရှင် သမ္မတဟောင်း အန်ဒရူး ဂျက်ဆန်၏ပုံကိုမူ ဖယ်ရှားကာ အနောက်ဖက်တွင် ပြန်လည် ထည့်သွင်းမည်ဖြစ်သည်။
အမေရိကန်ငွေတိုက်ဌာန အတွင်းရေးမှူး ဂျာကော့ဘ် လျူကမူ တူဘ်မန်မှာ သမိုင်းတွင်သည့် ပုဂ္ဂိုလ်တစ်ဦးသာမကဘဲ မိမိတို့၏ ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်မှုနှင့် ပူးပေါင်းပါဝင်မှုတို့အတွက် စံနမူနာယူစရာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟာရီယတ် တူဘ်မန်မှာ လူမည်းကျွန်များကို မြေအောက်ရထားလမ်းမှတစ်ဆင့် ဘေးကင်းရာကို လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည့်အတွက် ကျော်ကြားသော်လည်း အမေရိကန်ပြည်တွင်းစစ်တွင် သူလျှိုအဖြစ် ပါဝင်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍမှာ ပို၍ ထင်ရှားသည်။
Ref: BBC


Leave a Reply
You must be logged in to post a comment.