M-Media
ဧပြီ ၃၀ ၊ ၂၀၁၆

မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုကို သင်္ကြန်ပိတ်ရက်အတွင်း ဇေကမ္ဘာကုမ္ပဏီက ယူနီဖောင်းဝတ်ဝန်ထမ်းတချို့ ၀င်ရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထိုဘုန်းကြီးကျောင်းမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ဆိုင်သည့် မြေပေါ်တွင် တရားမ၀င် တည်ဆောက်ထားသည်ဟုဆိုကာ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းများက ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဘုန်းကြီးကျောင်းအစိတ်အပိုင်းအချို့ လုံးဝပျက်ဆီးသွားခဲ့ကြောင်း ဇေကမ္ဘာကုမ္ပဏီက ၀န်ခံထားသည်။
၂၀၁၀ ခုနှစ်အတွင်း ဇေကမ္ဘာကုမ္ပဏီက လယ်ဧကပေါင်း ၈၀၀ ကျော်ကို ရွှေနံ့သာရွာ လယ်သမားများထံမှ သိမ်းယူပြီး စက်မှုဇုံဆောက်ဖို့ ကြိုးပမ်းခဲ့သည်။ ထိုမြေပေါ်တွင် ဖျက်ဆီးခံရသည့် ဘုန်းကြီးကျောင်းကို တည်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဘုန်းတော်ကြီး ဦးနိကာယကမူ ဇေကမ္ဘာကို အရေးယူဖို့ သာသနာရေးဝန်ကြီးဌာနကို တိုင်ကြားမည်ဖြစ်ကြောင်း၊ ဇေကမ္ဘာဝန်ထမ်းများက သင်္ကြန်ပထမနေ့ ဧပြီ ၁၃ ရက်နေ့က၊ မင်္ဂလာဒုံမြို့နယ်တောင်ပိုင်း၊ ပေါင်းကူးဥာဏရပ်ကွက်အတွင်း ၀င်ရောက်လာပြီး ဘုန်းကြီးကျောင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လူပေါင်း ၂၀ ကျော်ပါဝင်ပြီး ကိုမျိုးခိုင်ဆိုသူက ခေါင်းဆောင်ကြောင်း ၊ ဖျက်ဆီးနေစဉ်အတွင်း ရုန့်ရင်းကြမ်းတမ်းသည့် စကားများကိုလည်း ဘုန်းတော်ကြီးများကို ရည်ညွှန်း ပြောဆိုခဲ့ကြောင်း၊ တည်ဆောက်ဆဲဖြစ်သည့် ဘုရားဌာပနာကိုမူ ည ၉ နာရီခန့်တွင် လူ ၃၀ ခန့်လာရောက်ဖျက်ဆီးခဲ့ကြောင်း မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။
ဇေကမ္ဘာကမူ ၄င်းတို့အနေဖြင့် ယင်းလယ်မြေ ၈၁၅ ဧကကို ကျပ် ၃ သိန်းဖြင့် ၂၀၁၀ ခုနှစ်က ၀ယ်ယူခဲ့ပြီး မင်္ဂလာဒုံစက်မှုဇုံ ၄ တည်ဆောက်ဖို့ဖြစ်သည်ဟု ဆိုသည်။ ဦးခင်ရွှေက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ၂၀၁၀ ကတည်းက ရထားပြီးဖြစ်သည်ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။ ထို့ပြင် ဦးခင်ရွှေက ဘုန်းကြီးကျောင်းဆောက်ဖို့ မြို့နယ်သံဃနာယကကို လာဘ်ထိုးဖို့ လွယ်ကူကြောင်း၊ ဘုန်းကြီးကျောင်းမှာ ပြည်ထဲရေး၊ သာသနာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန သုံးခုစလုံး ခွင့်ပြုချက်ဖြင့်သာ တည်ဆောက်၍ရကြောင်း၊ ယခုမူ မြို့နယ်သံဃနာယကကို လာဘ်ထိုး၍ ဆောက်လုပ်ထားကြောင်း၊ ဘုန်းကြီးများက သူပိုင်ဆိုင်သည့်မြေကို ကျူးကျော်ပြီး တခြားလူတွေကိုလည်း ပြန်လည်ရောင်းချလေ့ရှိကြောင်း ပြောသည်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယကနှင့် ယင်းကိစ္စဆွေးနွေးဖို့ သဘောတူပြီးဖြစ်သည်ဟုလည်း ဦးခင်ရွှေက ဆိုသည်။
Leave a Reply
You must be logged in to post a comment.