ဇွန် ၄၊ ၂၀၁၆
M-Media
– ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာနှင့် အခြား ထိပ်တန်းတာဝန်ရှိသူ ၂ ဦးမှာ ၎င်းတို့ နောက်ဆုံးတာဝန်ထမ်းဆောင်သည့် ၅ နှစ်တာကာလအတွင်း ဆုကြေးများ၊ စာချုပ်များမှ ကန်ဒေါ်လာ သန်း ၈၀ ဖိုး ကိုယ်ကျိုးရှာခဲ့ပြီး ထိုကိစ္စကိုလည်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခြင်းမရှိဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်သည်။
အဖွဲ့အတွင်း ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုအရ သိရှိခဲ့ရခြင်းဖြစ်ပြီး ဆပ်ဘလတ္တာ၊ ၎င်း၏ နံပါတ် ၂ အားထားရသူ အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီနှင့် ဘဏ္ဍာရေးဒါရိုက်တာ ကားက်စ် ကတ္တနာတို့မှာ ခံစားခွင့်များမှတစ်ဆင့် ၎င်းတို့အတွက် ကိုယ်ကျိုးရှာရန် စနစ်တကျ ဆောင်ရွက်ခဲ့သည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
“အထောက်အထားတွေအရ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ယခင် ဖီဖာထိပ်တန်းအရာရှိ ၃ ဦးဟာ နှစ်စဉ် လစာတိုးမှု၊ ကမ္ဘာ့လားဆုကြေးနဲ့ အခြားအပိုဝင်ငွေတွေကနေ စုစုပေါင်း ဆွဇ်ဖရန့် ၇၉ သန်းကျော် (ကန်ဒေါ်လာ သန်း ၈၀) ရရှိခံစားနိုင်စေဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု Quinn Emanuel စာရင်းစစ်လုပ်ငန်း၏ မိတ်ဖက်ဖြစ်သူ ဘီလ် ဘာ့ခ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း ဘလတ္တာ၊ ဗော့လ်ကီနှင့် ကတ္တနာတို့မှာ ထုတ်ပယ်ခြင်း၊ ရာထူးမှ အနားပေးခြင်း ခံခဲ့ရပြီး ယခုကိစ္စကြောင့် ၎င်းတို့အပေါ် စုံစမ်းစစ်ဆေးမှုများ ထပ်တိုးပြုလုပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.