ဇွန် ၈၊ ၂၀၁၆
M-Media
– နိုင်ငံတစ်ဝှမ်းတွင် တန်ဖိုးနည်းအိမ်ယာပေါင်း ၁၈၀၀၀၀ ကို ဆောက်လုပ်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။
မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကမူ အဆိုပါ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းကို နေပြည်တော်တွင် စတင်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ မိုးရာသီအကုန် စက်တင်ဘာလတွင် စတင်မည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ပထမဆုံး ရန်ကုန်မှာ ရေမြောင်းတွေနဲ့ ကားလမ်းတွေ ဆောက်လုပ်ရေးကို အာရုံစိုက်သွားမှာပါ။ အဲဒီ တန်ဖိုးနည်းအိမ်ယာတွေမှာ ကလေးကစားကွင်းတွေ၊ ကားပါကင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်မယ့် အများပြည်သူသုံး ဧရိယာတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် အဆိုပါစီမံကိန်းများအတွက် တင်ဒါခေါ်ယူမှုများကိုလည်း သတင်းစာများတွင် ကြေငြာသွားမည်ဖြစ်ပြီး၊ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်မည့် ဧရိယာကို ၂၃၂ ဧက သတ်မှတ်ထားသည်ဟုလည်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
“စီမံကိန်းတွေကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ မြို့နယ်တွေလို နေရာမျိုးမှာ ပြုလုပ်သွားမှာပါ။ အိမ်ယာဆောက်လုပ်ဖို့အတွက် မြေနေရာရှာရာမှာ အခက်အခဲတွေ ရှိပါတယ်”
အဆိုပါ အိမ်ယာများအတွက် ကုန်ကျစားရိတ်အနည်းဆုံးဖြစ်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref: mmtimes


Leave a Reply
You must be logged in to post a comment.