ဇွန် ၁၇၊ ၂၀၁၆
M-Media
– IS အကြမ်းဖက်သမားတွေဟာ အီရတ်နဲ့ ဆီးရီးယားက ယာဇီဒီလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက်ကျုးလွန်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆးသူများက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
“လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက်ကျုးလွန်နေဆဲ ဖြစ်ပါတယ်။ IS အဖွဲ့ဟာ ယာဇီဒီ လူမျိုးမှန်သမျှ မိန်းမ၊ ကလေး၊ ယောက်ျားမကျန် ပစ်မှတ်ထားဖမ်းဆီးပြီး အရက်စက်အကြမ်းကြုတ်ဆုံး စစ်ရာဇ၀တ်မှုတွေ ကျုးလွန်နေကြပါတယ်” လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဥက္ကဌ ပေါ်လို ပင်ဟီရိုက ပြောကြားခဲ့ပါတယ်။
ယာဇီဒီလူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေမဟုတ်သလို၊ အာရပ်လူမျိုးတွေလည်း မဟုတ်ကြဘဲ သီးခြား ဘာသာတရားတစ်ခုကို ကိုးကွယ်တဲ့ လူမျိုစုတစ်ခုဖြစ်ပါတယ်။ ကာ့ဒ်ဘာသာစကားပြောတဲ့ အဲဒီလူနည်းစုတွေဟာ များသောအားဖြင့် အီရတ်မြောက်ပိုင်း ဆင်ဂျားတောင်တန်းများတစ်ဝိုက်မှာ အခြေချနေထိုင်သူတွေ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့ဟာ ဆင်ဂျာဒေသက ယာဇီဒီလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ထောင်ပေါင်းများစွာဟာလည်း သူတို့ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
IS တွေဟာ ယာဇီဒီမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်မှာ သတိပေးခဲ့ပြီး They came to destroy: ISIS Crimes against the Yazidis ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဒီကိစ္စကို အသေးစိတ်ဖော်ပြထားပါတယ်။
အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသူတွေကို အင်တာဗျူးထားတဲ့ အဲဒီ အစီရင်ခံစာမှာ IS တွေဟာ ယာဇီဒီလူမျိုးတွေကို သတ်ဖြတ်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ကျွန်ပြုခြင်း၊ လူမဆန်ဘဲ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခြင်း စတဲ့လုပ်ဆောင်မှုတွေကနေတစ်ဆင့် မျိုးသုဉ်းသွားအောင် လုပ်နေတယ်လို့ တွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာ IS တွေဟာ ယာဇီဒီ အမျိုးသမီးတွေနဲ့ ကလေးငယ် စုစုပေါင်း ၃၂၀၀ ခန့်ကို ဖမ်းဆီးထားပြီး အထူးသဖြင့် ဆီးရီးယားမှာ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုကာ လူငယ်များကိုတော့ အတင်းအကြပ်ဘာသာစွန့်ခိုင်းပြီး တိုက်ခိုက်ရေးသမားအဖြစ် လေ့ကျင့်ပေးလျက်ရှိပါတယ်။
Ref : ArabNews
Leave a Reply
You must be logged in to post a comment.