ဇွန် ၂၂၊ ၂၀၁၆
M-Media
– ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် မိမိတို့နှင့်တွေ့သည့် မည်သည့်အသင်းမဆို လွယ်ကူမည်မဟုတ်ဟု မြောက်အိုင်ယာ လန်အသင်းတိုက်စစ်မှူး ကီလီ ဂျက်ဖာတီက ပြောကြားလိုက်သည်။
အင်္ဂါနေ့ကကစားခဲ့သည့် ဂျာမနီနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မြောက်အိုင်ယာလန်အသင်းမှာ ၃ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲရှုံးဖြင့် ၃ မှတ်ရထားပြီး ရဂိုး၊ ပေးဂိုးအနေအထားအရ အကောင်းဆုံး တတိယဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်သာနေသည်။
မြောက်အိုင်ယာလန်အသင်း၏ ဂိုးသွင်းစက် ဂျက်ဖာတီကမူ မိမိတို့မှာ မည်သည့်အသင်းကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။
“ပထမဆုံးပွဲမှာ ကျွန်တော်တို့ ရလဒ်အတွက် စိတ်ပျက်ခဲ့ရပါတယ်။ အဲဒီပွဲဟာ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်အစစ်အမှန် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်တန်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံးနောက်တန်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာအဆင့်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့တွေ ထင်တိုင်းကြဲလို့မရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ ကျွန်တော်တို့ ဘယ်သူနဲ့ပဲတွေ့တွေ့ အခွင့်အရေးကို အမိအရ ယူသွားမှာပါ။ ရှုံးထွက်ပွဲဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ရမယ်ဆိုတဲ့စိတ်မွေးပြီး ကစားသွားမှာပါ” ဟု ဂျက်ဖာတီက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.