ဇွန် ၂၃၊ ၂၀၁၆
M-Media
– နိုင်ငံအသင်းအတွက် ကစားပေးခဲ့သည့် ကာလများအတွက် မိမိအနေဖြင့် ဂုဏ်ယူမိပြီး လှပကောင်းမွန်သည့် အမှတ်တရများစွာလည်း ရှိခဲ့သည်ဟု ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။
ယမန်နေ့က ဘယ်လ်ဂျီယံအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲမှာ အီဗရာဟီမိုဗစ်၏ နိုင်ငံတကာ ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်ခဲ့သည်။ ဆွီဒင်အသင်းအတွက် ၁၁၆ ပွဲကစားပေးခဲ့ပြီး စံချိန်တင် ၆၂ ဂိုး သွင်းယူပေးခဲ့သည့် အီဗရာဟီမိုဗစ်ကမူ ထိုမှတ်တမ်းအတွက် ဂုဏ်ယူမိသည်ဟု ဆိုသည်။
“နိုင်ငံအသင်း ကစားသမားဘ၀အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ တစ်ချိန်က မာလ်မိုအသင်းရဲ့ မထင်မရှားက စားသမားလေးတစ်ဦးဖြစ်တဲ့ ကျွန်တော်ဟာ နိုင်ငံအသင်းကို ကိုယ်စားပြုခွင့် ရခဲ့ပြီး၊ အသင်းခေါင်းဆောင်တောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမိပြီး ကျွန်တော့်ရဲ့ နိုင်ငံတကာ ကစားသမားဘ၀မှာ လှပတဲ့ အမှတ်တရတွေ တော်တော်များများလည်း ရှိခဲ့ပါတယ်” ဟု အီဗရာဟီမိုဗစ်က ဘယ်လ်ဂျီယံနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခဲ့သည့် အီဗရာဟီမိုဗစ်မှာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မရေရာသေးပေ။
Ref: Goal


Leave a Reply
You must be logged in to post a comment.