ဇူလိုင် ၁၊ ၂၀၁၆
M-Media
– နိုင်ငံတကာကစားသမားဘ၀မှ မက်ဆီအနားယူသွားခြင်းမှာ မိမိတို့အား စွန့်လွှတ်သွားခြင်းဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်စေချင်သည်ဟု ဘရာဇီးလ်ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။
မက်ဆီမှာ ကိုပါအမေရိက ဗိုလ်လုပွဲတွင် ချီလီအသင်းအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာကစားသမားဘ၀မှ အနားယူမည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။ ထိုအရှုံးမှာ ၎င်း၏ နိုင်ငံတကာ အဓိကပြိုင်ပွဲ ဗိုလ်လုပွဲများတွင် ၃ ကြိမ်မြောက် ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။
အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာ၊ အာဂျင်တီးနားသမ္မတို့အပါအ၀င် ထင်ရှားကျော်ကြားသူ အများအပြားမှာ မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ကြပြီး ရော်နယ်ဒိုကလည်း ထိုအထဲတွင် ပါဝင်လာခဲ့သည်။
“ဒါဟာ မက်ဆီရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့အားလုံးကို စွန့်ပစ်သွားတယ်လို့ ခံစားရပြီး သူ့ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများကစားနေသည့် ယခုအချိန်တွင် အာဂျင်တီးနားအသင်းမှာ ရလဒ်ဆိုးရွားနေပြီး၊ မက်ဆီက ထိုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲမှ အနားယူခြင်းမှာ အာဂျင်တီးနားအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.