News @ M-Media

ကျပ်သိန်းတစ်သောင်း အောင်ဘာလေဆု လာမည့်နှစ်ဆန်းတွင် စမည်

ဇူလိုင် ၂၈၊ ၂၀၁၆
M-Media

– မြန်မာနိုင်ငံ၏ အောင်ဘာလေထီတွင် အမြင့်ဆုံးဆုကြေးကို သိန်းတစ်သောင်းအထိ တိုးမြှင့်မှုမှာ လာမည့်နှစ်မတိုင်ခင်အထိ ဖြစ်မည်မဟုတ်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားလိုက်သည်။

လက်ရှိတွင် အမြင့်ဆုံးဆုကြေးမှာ သိန်း ၁၅၀၀ ဖြစ်ပြီး သိန်းတစ်သောင်းအထိ တိုးမြှင့်မည့်အစီအစဉ်ကို အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယမန်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးပြီးနောက် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အမြင့်ဆုံးဆုကြေး ကျပ် သိန်းတစ်သောင်းမှာ ချက်ခြင်းဖြစ်မည်မဟုတ်ဟု Myanmar Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“၂၀၁၇ နှစ်ဆန်းပိုင်းလောက် စမှာပါ။ ဘယ်လစမလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နီးလာတဲ့အချိန်ကျရင် အချိန်ကို ကြေငြာသွားမှာပါ။ ဒါပေမယ့် ထီလက်မှတ်ပုံနှိပ်မှုလုပ်ငန်းစဉ်အပေါ် မူတည်ပါလိမ့်မယ်”

ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနကမူ တရားမ၀င်ကံစမ်းမှုများ မြင့်တက်လာခြင်းမှ ကာကွယ်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်ရောင်းချရန် စီစဉ်နေသည်ဟု ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

အမြင့်ဆုံးဆု တိုမြှင့်ခြင်းအပြင် ဆုသေးများကိုလည်း တိုးမြှင့်သွားမည်ဖြစ်ပြီး ဒုတိယအများဆုံး ဆုကြေးကို သိန်း ၅၀၀၀၊ ထို့နောက် သိန်းတစ်ထောင် စသဖြင့် သတ်မှတ်သွားမည်ဖြစ်သည်။ အနိမ့်ဆုံး ဆုကြေးမှာမူ ၅၀၀၀၀ ဖြစ်မည်ဖြစ်သည်။

Ref: Myanmar Times

Comments

Leave a Reply