News @ M-Media

အစ္စလာမ်မှာ အကြမ်းဖက်ဝါဒမဟုတ်ဘဲ ဘာသာတိုင်းတွင် အစွန်းရောက်အုပ်စုများရှိသည်ဟု ပုပ်ရဟန်မင်းကြီးပြော

သြဂုတ် ၁၊ ၂၀၁၆
M-Media

pope

– အစ္စလာမ်သာသနာမှာ အကြမ်းဖက်ဝါဒမဟုတ်ဘဲ ဘာသာတရားတိုင်းတွင် အခြေခံဝါဒီ အစွန်းရောက်အုပ်စုများရှိသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပြီး၊ ဥရောပနိုင်ငံများအနေဖြင့် လူငယ်များကို အစွန်းရောက်များ၏လက်တွင်းသို့ တွန်းပို့နေသည်ဟုလည်း သတိပေးခဲ့သည်။

“အစ္စလာမ်သာသနာကို အကြမ်းဖက်ဝါဒလို့ပြောတာ မမှန်ကန်သလို၊ ယုတ္တိလည်းမရှိပါဘူး။ အကြမ်းဖက်လုပ်ငန်းတွေကို အစ္စလာမ်ခေါင်းစဉ်အောက် သွားထည့်တာကလည်း ရိုးသားတဲ့လုပ်ရပ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ယမန်နေ့က ပိုလန်နိုင်ငံမှ မပြန်ခင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ဘာသာတရားတိုင်းတွင် အစွန်းရောက်အုပ်စုများရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“ဘာသာတရားအားလုံးနီးပါးလောက်မှာ အခြေခံဝါဒီ အစွန်းရောက်အုပ်စု လက်တစ်ဆုပ်စာလောက်တော့ ရှိပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်မှာလည်း ဒီလိုအုပ်စု ရှိပါတယ်”

ပုပ်ရဟန်းမင်းကြီးမှာ ပိုလန်နိုင်ငံ၌ ပြုလုပ်သော ကက်သလစ်လူငယ်ပွဲတော်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ခံမောင်းနှင်အားမှာ ဘာသာတရားကြောင့်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ဓားနဲ့သတ်မှ လူသတ်တာမဟုတ်ပါဘူး။ အရိုးမရှိတဲ့လျှာနဲ့လည်း လူသတ်လို့ရပါတယ်” ဟု လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါများမြင့်တက်ကာ အမုန်းစကားပြောဆိုမှုများကို ရည်ညွှန်း၍ ဖရန်စစ်က ထပ်လောင်းပြောကြားခဲ့သည်။

ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ရန်လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပြီး ‘ငွေကြေးကို ဘုရားအဖြစ်သတ်မှတ်သည့် ဒေသများတွင် အကြမ်းဖက်ဝါဒ ကြီးထွားလာကာ’ ‘ထိုဒေသတွင် ငွေမှလွဲ၍ အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်’ ဟု သတိပေးခဲ့သည်။

“မျှော်လင့်ချက်ပန်းတိုင်မရှိ၊ အလုပ်မရှိတာကြောင့် မူးယစ်ဆေးစွဲသွားတဲ့၊ အရက်စွဲသွားတဲ့ အစွန်းရောက်အုပ်တွေဆီရောက်သွားတဲ့ ဥရောပလူငယ်တွေ ဘယ်လောက်များများ ရှိနေပြီလဲ”

Ref: Channelnewsasia

Comments

Leave a Reply