News @ M-Media

ဘာလ်တီမိုးရဲတပ်ဖွဲ့ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ကန်တရားရေးဌာန ပြော

သြဂုတ် ၁၁၊ ၂၀၁၆
M-Media

baltimore

– ယမန်နှစ်က လူမည်းအကျဉ်းသားတစ်ဦးဖြစ်သူ ဖရက်ဒီဂရေး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲစုံစမ်းစစ်ဆေးရာတွင် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ အခြေခံဥပဒေက ပြဌာန်းထားသော ခံစားခွင့်များကို အမြဲလိုလို ချိုးဖောက်လေ့ရှိကြောင်း တွေ့ရှိခဲ့သည်ဟု အမေရိကန် တရားရေးဌာနက ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ် ဧပြီလက ဂရေးသေဆုံးပြီး သိပ်မကြာခင် စတင်ခဲ့သည့် အဆိုပါစုံစမ်းစစ်ဆေးမှု၏ ရလဒ်ကို ယမန်နေ့ မနက်ပိုင်းက ဘာလ်တီမိုးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဂရေး၏သေဆုံးမှုကြောင့် ဘာလ်တီမိုးတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၏ အပြုအမူနှင့်ပတ်သက်၍ ဝေဖန်မှုများ နိုင်ငံတစ်ဝှမ်း ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် လူမည်းများအား လူမျိုးရေးခွဲခြားက ပစ်မှတ်ထားသည့် ရဲတပ်ဖွဲ့၏လုပ်ရပ်ကို ဆန့်ကျင်သည့် Black Lives Matter လှုပ်ရှားမှုလည်း ပေါ်ပေါ်လာခဲ့သည်။

ယခုတရားရေးဌာန၏ စာမျက်နှာ ၁၆၃ မျက်နှာပါဝင်သော အစီရင်ခံစာတွင် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ မြို့အတွင်းနေထိုင်သော လူမည်းများကို ဦးတည်သည့် ဥပဒေပ ရပ်တန့်စစ်ဆေးမှုများ၊ ရှာဖွေမှုများနှင့် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရဲတပ်ဖွဲ့မှာ အင်အားအလွန်အကျွံသုံးခြင်း၊ ဥပဒေဘောင်အတွင်းမှ ဆန္ဒပြသူများကို ပြန်လည်လက်စားချေခြင်း စသည်တို့လည်း ပြုလုပ်ခဲ့သည်ဟု တရားရေးဌာနက ပြောကြားခဲ့သည်။

ဂရေးသေဆုံးမှုအတွက် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် ၆ ဦးကို တရားစွဲဆိုခဲ့သော်လည်း ၄ ယောက်မှာ တရားသေ လွတ်မြောက်ခဲ့သည်။

Ref; Aljazeera

Comments

Leave a Reply